“အလောင်းလုပွဲ”(စ-ဆုံး)

Posted on

“အလောင်းလုပွဲ”(စ-ဆုံး)
—————————-
” ဝု…..အူ….အူ…….”

ဆွဲဆွဲငင်ငင်အူလိုက်သောခွေးအူသံကိုမမှုအား။ မှောင်နဲ့မည်းမည်းထဲတွင် ခပ်သုတ်သုတ်လျှောက်လာသောလူရိပ်နှစ်ခုမှာ ဦးတည်ရာသို့ခြေလှမ်းမပျက်ပဲဆက်လျှောက်နေသည်။
ထိုစဉ်မှာပင် လျှပ်စစ်မီးများပြန်လင်းလာခဲ့သည်။ ခရမ်းချဉ်သီးမှည့်သာသာလင်းနေသောမီးသီးလေး၏အောက်တွင် အိပ်မောကျနေသောအိမ်ကလေးတစ်လုံးရှေ့သို့အရောက် ရပ်တန့်လိုက်ကြပြီး

” ဦးသိန်းဝင်း။ ဦးသိန်းဝင်း ”

တိတ်ဆိတ်သောညအမှောင်ကိုထွင်းဖောက်ထွက်လာသောခေါ်သံ၏မရှေးမနှောင်းမှာပင် အသားဖြူဖြူ၊ဗိုက်ပူပူနှင့် အရပ်ပုပြက်ပြက်လူတစ်ယောက်ထွက်လာပြီး

” ဟင်…ဒေါ်မြိုင်တို့သားအမိပါ့လား။ ညကြီးမိုးချုပ်ဘာကိစ္စရှိလို့လဲ ”

” အဖေဆုံးသွားလို့ ရာအိမ်မှူးရေ ”

” ဟာဗျာ။ ညနေကမှကျုပ်နဲ့စကားပြောနေသေးတယ်။ ခန။
မတင့်ရေ။ ဦးသိန်းကျော်ဆုံးပြီတဲ့။ လုပ်စရာရှိတာလုပ်ရအောင်ငါလိုက်သွားအုံးမယ်။ ဓမ္မာရုံအဖွဲ့တွေနှိူးဖို့ မောင်တူးကိုလွှတ်လိုက်အုံး။ ချက်ချင်းကုလားဖျင်းထိုးရအောင် ”

ရာအိမ်မှူးဦးသိန်းဝင်းသည် လုပ်ရိုးလုပ်စဉ်များကိုစနစ်တကျစီမံပြီးနောက် ဒေါ်မြိုင်တို့သားအမိနှင့်အတူ နာရေးဖြစ်ရာအိမ်သို့လိုက်ပါလာခဲ့သည်။
လမ်းသွယ်ငါးလမ်းကျော်ကိုဖြတ်သန်းပြီးနောက် သေဆုံးသူဦးသိန်းကျော်အိမ်သို့ရောက်ရှိပြီးမကြာမီတွင် ဓမ္မာရုံဂေါပကများနှင့် ရပ်ကွက်ပရဟိတအသင်းမှလူများလည်းရောက်ရှိလာကြသည်။
အိမ်ရှေ့တွင် ကုလားဖျင်းထိုးခြင်း၊ မီးဆင်ခြင်း၊ မီးစက်နှိူးခြင်း(ထိုစဉ်က လျှပ်စစ်မီးရှိသော်လည်း မီးအားမှာ ၅၀ကမတက်သောကြောင့် သာရေး၊နာရေးကိစ္စများတွင် မီးစက်ကိုသာအားကိုးရသည် ) အစရှိသည်တို့ကို တက်ညီလက်ညီလုပ်ကြပြီးနောက် နာရေးအိမ်ကိုကူစောင့်ပေးရန် ဖဲဝိုင်းဝိုင်းလိုက်ကြသည်။

နံနက်လင်းသော် ပထမဆုံးကြွလာသည့် အာဂန္နုဆွမ်းခံကိုယ်တော်အား သက်ပျောက်ဆွမ်းကပ်ကြသည်။
ရပ်ဝေး၊ရပ်နီးမှအမျိုးအဆွေများရောက်ရှိလာကြပြီး နာရေးအတွက်တည်ခင်းဧည့်ခံစရာပစ္စည်းစုံကိုဝယ်သူကဝယ်ဖြင့် တာဝန်ကိုယ်စီခွဲယူပြီးအလုပ်ရှူပ်နေကြစဉ်

” ကျုပ်ကသေနေလို့လား။ ကျုပ်ကိုလာမပြောရအောင်။
တစ်လမ်းထဲနေသူကိုလာမနှိူးကြပဲ အမေကျော်ကြီးဒေါ်လွမ်းနေကြတာလား ”

အသံစာစာဖြင့်ရန်လာထောင်နေသူကိုကြည့်လိုက်တော့ အသက်နှစ်ဆယ်ကျော်မိန်းမတစ်ဦး။
တစ်လမ်းထဲဆိုပေမယ့်မရင်းနှီးသူ။ နာရေးအိမ်နှင့်တစ်အိမ်ကျော်တွင်ရှိသောဆယ်အိမ်မှူးမှာလည်း အခုမှသိသည့်ပုံစံဖြင့်အိပ်ချင်မူးတူး။
သေဆုံးသူမှာဂေါပကအဖွဲ့ဝင်။
အကြောင်းကြားပေးသူမှာသေဆုံးသူ၏သမီးနှင့်မြေး။
ရန်တွေ့လာသူမှာ တစ်ဖက်ရပ်ကွက်မှနာရေးအသင်းဝင်မိန်းမဟုဆိုသည်။

” နေပါအုံးအစ်မရဲ့။ ကျွန်တော့်အဘဆုံးတာ။ ခင်များဆွေမျိုးသားချင်းမို့ လာအော်နေရတာလား။ အဘကဂေါပကအဖွဲ့ဝင်မို့ သူ့အဖွဲ့ကိုအကြောင်းကြားပေးတာအမှားလား ”

” မှားတယ်ဟေ့။ မှားတယ်။ ငါတစ်ယောက်လုံးရှိနေတာကို အလောင်းမရလိုက်တာ ငါနစ်နာတယ် ”

” ခင်များဘာသာခင်များ အလောင်းမရလို့ငွေမရတာကျွန်တော်တို့နဲ့မဆိုင်ဘူး။ ကိုယ့်ရပ်ကွက်နဲ့ကိုယ်လုပ်တာ။ အမေကျော်ကြီးတော်လွမ်းတာ ကျွန်တော်တို့မဟုတ်ဘူး။ ခင်များ ”

” အေး…… ငါ့နာရေးအသင်းကကားတစ်စင်းမှမရစေရဘူး။ မှတ်ထား။ နင်တို့အဘအလောင်းမြေမကျစေရဘူး ”

အလွန်ပင်သြချစရာကောင်းသောပရဟိတစိတ်ဓာတ်ပိုင်ရှင်ကြီးသည် နာရေးအိမ်ကို ဖနောင့်သုံးချက်ပေါက်ကာ နောက်ပြန်တံတွေးထွေးပြီးထွက်သွားခဲ့သည်။

” ဖွဟဲ့…ဖွဟဲ့…ဖတ်ဖတ်..ထွီထွီ…..ရေယူခဲ့ကြစမ်း။ ပရိတ်ရေဆိုပိုကောင်းတယ်။ ဒီမကောင်းဆိုးဝါးမက ငါ့အစ်ကိုကိုအိမ်ထဲမှာပိတ်အောင်ကျိန်စာတိုက်သွားတာ ”

” ယုံမနေပါနဲ့အမေကြီးရာ။ သူ့စရိတ်နဲ့သူသွားပါလိမ့်မယ်။ အဘကဘုရားတရားသမားပါ။ အခုတောင်မှမရှိတော့ပါဘူး ”

” ငါ့အစ်ကိုကိုငါယုံတယ်။ ဓလေ့အရခေါ်လာမယ့်မကောင်းဆိုးဝါးကိုနှင်မရပဲနေလိမ့်မယ်။ ငါပြောသလိုသာလုပ်။ လျှာမရှည်နဲ့ ”

သို့ဖြင့်ပင်
တစ်ဖက်ရပ်ကွက်မှနာမှုကူညီရေးကားကိုမခေါ်တော့ပဲ အင်းခရုဘုရား၏အနောက်ဘက်ရှိ ဗိသုကာနာမှုကူညီရေးကားကိုငှါးကာ အလောင်းမြေကျစေရန်ဆောင်ရွက်ရတော့သည်။ နာရေးကားများတန်းစီချိန်မှစ၍ ထွက်သည်အထိ လက်ပိုက်ရပ်ကြည့်နေသူတစ်ဦးကိုဖြင့် မည်သူဟုပြောရန်ပင်မလို။

” ဟဲ့ကောင်မ။ ရွာကျော်ခဲပစ်ရတာ တော်တော်ပျော်နေလား ”

နာရေးကားထွက်ခွာသွားချိန်တွင် မီးဟောင်း၊မီးသစ်မွှေးရန်နှင့် ကုလားဖျင်းဖျက်ရန်ကျန်ရှိနေသော ဒေါ်မြိုင်၏သမီးထံသို့လာရောက်ကာ ပြောလိုက်သောစကားကြောင့် ကုလားဖျင်းဖျက်နေသည့်ကာလသားများက ရိုက်မည်။နှက်မည်ပြုကြသည်။

” မလုပ်ကြနဲ့။ လူကဖြင့်တစ်ချက်ရိုက်စာတောင်မရှိဘူး။
ငါ့ဘာငါ ရွာကျော်ပြီးပဲခဲပစ်ပစ် နင့်အပူမပါဘူး ”

” ပါတယ်ဟဲ့။ ငါ့အသင်းကမငှါးတော့ ငါ့ဝေစုသုံးထောင်မရတော့ဘူး$ကောင်မရဲ့ ”

” ဘလိုင်းကြီးလာမရိုင်းနဲ့နော်။ ငါ့မှာလည်းလက်ပါတယ် ”

” ကျုပ်တို့လက်ယားနေပြီ။ ကောင်မလေးပြန်ပြောမနေနဲ့။ ဘေးဖယ်။ ဒီရပ်ကွက်မှာနေပြီး ရပ်ကွက်ကိုအမြဲဒုက္ခပေးနေတာမနည်းတော့ဘူး။ ဟိုတစ်ခါနာရေးကားမှောက်တာလည်း သူဝင်မွှေတာပဲ။ သောက်ရှက်မရှိသူ့ဆီအကြောင်းမကြားလို့ဖြစ်တာဆိုပြီး ပျော်တောင်နေသေး။
ရပ်ကွက်ပတ်ပြီးပရိတ်ရွတ်မှလူသေနည်းသွားတာ။ ဒီလိုကောင်မမျိုး ရပ်ကွက်မှာမထားဘူး။ ရပ်ကွက်နာတယ် ”

အချက်ကျကျပြောလိုက်သော ကာလသားခေါင်း၏စကားကြောင့်

” ငါ့အိမ်မှာငါနေတာ။ နင်တို့ထွက်ဆိုတိုင်းထွက်ရမှာလား &$#@:: …….”

အချီးအပတ်စုံလင်စွာဖြင့်ဆဲဆိုထွက်သွားသော မသာဝယ်မိန်းမအား ရိုက်ပါမည်တကဲကဲလုပ်နေ၍ ဂေါပကလူကြီးတစ်ယောက်မှပြန်လည်ထိနိးသိမ်းကာ ပြဿနာကိုပြီးလိုက်ကြရသည်။

မီးဟောင်း၊မီးသစ်မွှေးပြီး ရေနွေးအိုးဆူကာနီးအချိန်တွင် နာရေးလိုက်ပို့သောကားများပြန်ရောက်လာကြသည်။
ကားပေါ်က အပြေးအလွှားဆင်းလာကြသောနာရေးပို့သူများကြောင့် ယခင်ကလိုပင်နာရေးပို့ကားမှောက်သည်ထင်ပြီး တစ်ရပ်ကွက်လုံးဆူညံပွက်လောရိုက်သွားခဲ့ရသည်။

” ဘာဖြစ်ကြတာလဲ။ အဘကြီးကိစ္စမချောမောလို့လား ”

” မဟုတ်ဘူး။ ဘကြီးကိစ္စကချောမောတယ် ”

” ဒါဆို နာရေးလိုက်ပို့တဲ့ကားများတစ်ခုခု ”

” မ…မဟုတ်ဘူးတော့်။ ဟို…နေ့ခင်းကလာရန်ထောင်တဲ့ကောင်မရဲ့အသင်းကလေ ”

” အင်း ဘာဖြစ်လဲ ”

” ကျုပ်တို့နာရေးကားကိုပေးမထွက်ဘူးဆိုပြီး ရွာအထွက်မှာသောင်းကျန်းကြတယ် ”

” ဟာ ”

” ဟင် ”

” မိုက်ရိုင်းလိုက်တာကွာ ”

ရှေးကရွာကြီးဖြစ်ခဲ့သော်လည်း ယခုမူရပ်ကွက်ခွဲလိုက်သောအခါ ရွာသုံးရွာပေါင်းပြီးရပ်ကွပ်နှစ်ခုဖြစ်သောကြောင့် ရွာဦး၊ရွာလည်၊ရွာအထွက်မှာ လွန်စွာဝေးလှသည်။

” အဲ့ဒီတော့ ဘာဖြစ်သွားသေးလဲ ”

” နာရေးကားကရပ်မပေးပဲမောင်းသွားတော့ ကျန်တဲ့ကားတွေကိုခဲနဲ့လိုက်ထုတာ မိန်းမကြီးတစ်ယောက် ခေါင်းပေါက်သွားတယ် ”

” ဟယ်…သနားပါတယ် ”

” အဲ့ဒါအခုဆေးရုံကိုပို့ထားခဲ့ရတယ်။ ကုန်ကျစရိတ်ကို ဘကြီးရဲ့သမီးကပေးမယ်ပြောတယ် ”

” အဖေသေလို့မှ ပူဆွေးနေရပါတယ်ဆို အကုသိုလ်ကအဖော်လေးနဲ့ပါလား။ ခေါင်းပေါက်သွားသူကဘယ်သူတုန်း ”

” အဲ့ဒါတော့ ကျွန်မမသိဘူး ”

” ဘယ်သူရှိရမှာတုန်းတော့်။ နာရေးကဝေတဲ့ဆပ်ပြာမှူန့်တွေရော၊ချိုချဉ်တွေရောတနင့်တပိုး ယူထားတဲ့ ဟိုအလောင်းလာလုတဲ့ကောင်မရဲ့အမေလေ ”

” ကောင်းတယ်။ သူ့စေတနာနဲ့သူအကျိုးပေးတာ။ ဒေါ်မြိုင်ရောက်မှပြောရမယ်။ ဘာဆေးဘိုးမှပေးစရာမလိုဘူးလို့။ ဘယ့်နှယ့်တော် ဒီမှာမှသူ့အပူနဲ့သူပါဆို ကျိန်စာလာတိုက်နေတယ်။ သူ့သမီးတိုက်တဲ့ကျိန်စာသူမိတာပဲ။ ဘာမှသနားစရာမလိုဘူး”

အစောပိုင်းတွင် ဒဏ်ရာရသူကိုသနားနေကြသောလူအုပ်ကြီးမှာ ဒဏ်ရာရသူကိုအတိအကျသိလိုက်ရသောအချိန်တွင် ခံစားချက်များပြောင်းလဲကုန်ကြသည်။

” နည်းတောင်နည်းသေး ”

” သေသွားရမှာ ”

” အဖွားကြီးအစား သူ့သမီးဆိုပိုကောင်း ”

” တော်ကြပါတော့ဗျာ။ ဒါကနာရေးအိမ် ”

ရပ်ကွက်ဥက္ကဋ္ဌက ဝင်ဟန့်လိုက်မှ လူအုပ်ကြီးမှာငြိမ်ကျသွားသည်။
ထိုစဉ်

” နင်တို့ကြောင့် ငါ့အမေဒီလိုဖြစ်တာ။ မကျေနပ်ဘူး ”

” ဆေးရုံကိုသွားရအုံးမယ်လေ တူမလေးရဲ့။ စိတ်လျှော့ပါ ”

အသံစာစာဖြင့် ရန်လာတွေ့သောမသာပွဲစားမကို သူ့အဒေါ်ကဒရွတ်တိုက်ဆွဲခေါ်သွားခဲ့သည်။ မခေါ်လျှင်လည်းမလွယ်။ ရောက်ရှိနေသည့်နာရေးပို့ကားများပေါ်မှဆင်းသက်လာသည့် လူအုပ်ကြီးထဲတွင် သူ့အားကျေနပ်သူတစ်ယောက်မှမပါရှိ။

နာရေးအိမ်ထုံးစံအတိုင်း ညဘက်မှောင်သည်နှင့်မီးစက်နှိူးကာ လင်းလင်းချင်းချင်းရှိစေပြီးနောက် ဖဲဝိုင်းစလေတော့သည်။
အခြားနေအိမ်များရှိမီးများမှာ ထုံးစံအတိုင်းဖယောင်းတိုင်မီးကအဘခေါ်ရရုံမျှသာလင်းကြသည်။
ဖဲဝိုင်းသဘာဝ ရပ်နီးရပ်ဝေးမှလူများလည်းလာရောက်ကြရာ ရပ်ကွက်ခံလူများက လူစိမ်းလူကျက်ရွေးချယ်ပြီးမှဝိုင်းသို့ဝင်စေသည်။ မလိုလားအပ်သောရန်ပွဲများကိုတားဆီးရန်ဖြစ်သည်။

” ခင်များ ပြဿနာမရှာနဲ့ဗျာ။ အရက်ဖိုးပေးမယ်။ ဝေးဝေးနေ ”

အိမ်အပြင်ဖဲဝိုင်းမှ ဆူဆူညံညံအသံကြောင့် သေသူ၏မိသားစုဝင်များထွက်ကြည့်ကြရာ မသာပွဲစားမ၏အဖေဖြစ်နေသည်။ ကာလသားခေါင်းမှ ပြဿနာမဖြစ်စေရန်အရက်ဖိုးပေးကာပြန်လွှတ်သော်လည်းမပြန်ချေ။ ကြာလျှင် ဖဲဝိုင်းမှလူများဝိုင်းရိုက်၍ ဆေးရုံရောက်ရပေတော့မည်။ တစ်ပူမှနှစ်ပူမဖြစ်စေရန် ဒေါ်မြိုင်မှငွေသုံးထောင်ပေး၍ တောင်းပန်လွှတ်လိုက်ရသည်။
လေကလေးတချွန်ချွန်ဖြင့် ဖဲဝိုင်းမှလူများနှင့်ရပ်ကွက်လူကြီးများအား မထေမဲ့မြင်ပြုသွားသေးသည်။
မည်သို့ပင်ဖြစ်စေ နာရေးအိမ်၏ဒုတိယညဖဲဝိုင်းကလေးမှာ ရန်ပွဲမရှိတော့ပဲ အေးဆေးစွာဖြတ်သန်းနိုင်ခဲ့သည်။

” သုံးရက်နဲ့ပဲရက်လည်မှာလား ”

” ဟုတ် ဦးသိန်းဝင်း ”

” အဲ့ဒါဆို နာရေးကူငွေကို ဒီညထုတ်ပေးလိုက်မယ် ”

” ဟုတ် အဆင်ပြေသလိုသာလုပ်ပါ ”

” မှူးကြီး။ မှူးကြီးရေ….ပြဿနာတော့ကြီးပြီ ”

” ဟေ….ဘာဖြစ်လို့တုန်း ”

” ညက ဒီအစ်မကြီး ပိုက်ဆံသုံးထောင်ပေးလိုက်တဲ့လူလေ။
ဟိုဘက်လမ်းထဲကမြောင်းထဲမှာ အရက်မူးလွန်ပြီးဂျွမ်းစိုက်သေနေပြီဗျ ”

” ဟေ ”

ဦးသိန်းဝင်းမှာ ဟေတစ်လုံးသာတနိုင်ပြီး စကားလုံးများလည်ချောင်းဝတွင်တစ်ဆို့လျှက်……….

ပြီးပါပြီ။
ကိုယ်စိုက်ပျိုးသောအပင်ကို ကိုယ်တိုင်ရိတ်သိမ်းရမည်ဖြစ်သည်။

Zar Zar Win
ရာရာ (မန်းသူ)