“” အငှား ခန္ဓာ “”(စ/ဆုံး)

Posted on

“” အငှား ခန္ဓာ “”(စ/ဆုံး)

” သြကာသ ….. သြကာသ …. သြကာသ …. ကာယကံ၊ ဝစီကံ၊ မနောကံ၊ သဗ္ဗ …….

” ဦးကျော့သာ၊ ဦးကျော့သာ၊ ရှင် ထွက်ခဲ့စမ်း”

နံနက်စောစော ဘုရားရှိခိုးနေတုန်း ထွက်ပေါ်လာသော
အသံကြောင့် ချစ်ဦးတစ်ယောက် စိတ်ထဲ ထင့်ကနဲ
ဖြစ်သွား၏။

” မနက်စောစော မင်္ဂလာရှိတဲ့အချိန်မှာ အသံဆိုး
အသံပျက်ကြီးနဲ့ဘယ်သူက
ခြံရှေ့လာအော်နေရတာတုန်း ”

ချစ်ဦး ဘုရား ဦးချပြီး အိမ်အောက်ဆင်းလာခဲ့၏။
သူ့ထက်အရင် ခြံရှေ့ရောက်နေသူက
သူ၏ မိခင် ဒေါ်မချစ်။

ချစ်ဦး လှမ်းကြည့်လိုက်တော့ အော်နေတဲ့သူက
အရပ်ထဲက ဒေါ်လုံးမ ပင်။
ဘေးမှာလည်း ယောကျာ်း တစ်ယောက်။

” အမေ၊ ဘာဖြစ်တာလဲ”
အနားရောက်လာသော ချစ်ဦးက မိခင်ဖြစ်သူကိုမေး၏။

” မသိပါဘူး သားရယ်၊ လုံးမ အော်ခေါ်နေလို့ အမေ
ဆင်းလာခဲ့တာပဲ ”

ဒေါ်လုံးမ ဒေါသတကြီးကြည့်နေ၏။

” ဗျို့၊ ဒေါ်လုံးမ မနက်အစောကြီး ဘာဖြစ်လို့တုန်းဗျ ”
ချစ်ဦး တည်ငြိမ်စွာမေးလိုက်၏။

ဒေါ်လုံးမက ခါးကို လက်ထောက်ကာ ဒေါသထွက်နေတဲ့ အမူအရာနဲ့၊

” ဟေ့၊ ဘာဖြစ်ရမှာတုန်း၊ ငါ့အိမ်က ကြက်ဖကြီး
နှစ်ကောင်ပျောက်သွားလို့ဟေ့၊ တစ်ကောင်ဆိုရင်တောင် ငါ ဘာမှ ပြောမှာမဟုတ်ဘူး၊ ခုဟာက နှစ်ကောင်တောင်”

“ဟောဗျာ၊ ဒေါ်လုံးမ အိမ်မှာ ကြက်ပျောက်တာများ
ကျုပ်တို့အိမ်ကိုလာရှာရလားဗျာ၊
တကယ်ဆို ဒေါ်လုံးမ သွားသင့်တာက သူကြီးအိမ်ကိုဗျ”

” ဟုတ်ပါ့ လုံးမရယ်၊ ညဉ်းမလဲ ညဉ်း ကြက်ပျောက်တာကို ငါတို့အိမ်ကို လာရှာရတယ်လို့ ”

” ကျုပ်က အကြောင်း မရှိပဲ လာပြောပါ့မလားတော့၊
ညက ကျုပ် ကြက်ခြံရှေ့မှာ လူတစ်ယောက်တွေ့လိုက်
တယ်၊ ဒါပေမဲ့ အဲဒီအချိန်ထိ ကြက်တွေ ရှိတုန်းပဲ၊
မနက်ကျမှ ပျောက်မှန်းသိတာ၊
သိလည်းသိရော ကျုပ်လည်း လိုက်ရှာတာပေါ့၊

ကျုပ်ကြက်ခြံကနေပြီးတော့ ကြက်မွေးတွေကျနေတာ
ဒီအထိတန်းနေတာပဲ၊
ကဲပြော၊ ကျုပ်က သူကြီးဆီကို သွားရမှာလား
ဒီကိုလာရမှာလား”

ဒေါ်လုံးမရဲ့ စကားကြောင့် ချစ်ဦးရော သူ့အမေပါ
ကြည့်လိုက်တော့ တကယ်ပင် သူတို့ ခြံထဲ ကြက်မွေးတွေ ရှုပ်ပွနေ၍၊ သားမိ နှစ်ယောက်လုံး အံ့သြသွားရ၏။

” ကဲ၊ ကြက်မွေးတွေကို ကျုပ်တို့ခြံထဲ တွေ့ရတယ်၊
ထားပါတော့၊
အဲဒါနဲ့များ ကျုပ်တို့ကို ခိုးတယ်လို့ ဆိုလိုရတာလားဗျ ”

ဒေါ်လုံးမရဲ့ ယောကျာ်းဖြစ်သူက ပြန်ကြရအောင်ပြောပေမဲ့
ဒေါ်လုံးမကကား
“ရှင် အသာနေစမ်းပါ ” ဟုသာ ပြောနေ၏။

” တစ်ယောက်ယောက်က ခိုးပြီး၊ တမင် အမွှေးတွေကို
ဒီအတိုင်းပစ်ထားခဲ့တာရော မဖြစ်နိုင်ဘူးလားဗျာ၊
ကျုပ်တို့ အိမ်မှာက ကျုပ်ရယ်၊ အမေရယ်၊
လူမမာ အဖေရယ်ပဲရှိတာလေ ”

ချစ်ဦးက အကျိုးအကြောင်းဆီလျော်အောင် ပြောပေမဲ့
ဒေါ်လုံးမကား လက်မခံပေ။

” အို! ဒါတွေ ကျုပ် စိတ်မဝင်စားဘူး၊ ကျုပ်ကြက်တွေ
ပျောက်သွားတယ်၊
ဒီခြံထဲမှာလည်း ကြက်မွေးတွေ တွေ့တယ်၊
ဒီထက်ခိုင်လုံတဲ့ သက်သေ ရှိအုန်းမလား၊

ကျုပ် လျော်ကြေးပဲ လိုချင်တယ် ”

ဒေါ်လုံးမကား သူ့ဖက်က အပိုင်ဟု တွေးထားပုံရ၏။

” ခတ်တော့တာပါလား ဒေါ်လုံးမရယ်၊ ကြက်မွေးတွေ
ကျုပ်တို့ခြံမှာ တွေ့တာနဲ့ပဲ ကျုပ်တို့က
ကြက်ခိုးသတဲ့လားဗျာ၊

မပြောချင်ပေမဲ့ ပြောလိုက်ပါအုန်းမယ်၊

ဒီရွာမှာ ကျုပ်တို့က ဘယ်လို အဆင့်အတန်းလဲ
ခင်ဗျားသိပါတယ်၊

ကျုပ်တို့ ခုလို ခင်ဗျား ပြောတွေကို နားထောင်နေတာနဲ့တင်
ခင်ဗျားတို့ ကျေးဇူးတင်သင့်နေပြီ၊
ကျုပ်နေရာမှာ တစ်ခြားတစ်ယောက်ဆို ဘယ့်နှယ် ရှိမလဲ
ခင်ဗျား တွေးကြည့်ပေါ့၊
အိမ်မှာက လူမမာ အဖေ ရှိတယ်ဗျ၊

ဒါ့ကြောင့် ခင်ဗျားတို့ အေးဆေးပြန်လိုက်ကြပါဗျာ ”

” အေးဟယ်၊ လုံးမ ညဉ်းပြောတာတွေက ငါတို့ကို
စော်ကားနေတာထက်ပိုနေပြီ၊
ပြဿနာတွေ ပိုမကြီးမီ ညဉ်းတို့ သွားလိုက်တာပဲ
ကောင်းမယ် ”

” ကဲ၊ လာပါ လုံးမရာ၊ နင်မရှက်ပေမဲ့ ငါရှက်တယ်ဟ ”
ယောကျာ်းဖြစ်သူက ဒေါ်လုံးမရဲ့ လက်ကိုဆွဲကာ အတင်းဆွဲခေါ်တော့၏။

” လွှတ်စမ်းပါ၊ ကျုပ်ကိုလွှတ်၊ ဒီအိမ်က
တစ်ယောက်ယောက်ရဲ့လက်ချက်ဆိုတာ ကျုပ်သိနေတယ် ကျုပ်ကိုလွှတ်စမ်းပါ ”

” တော် တော်၊ တော်နဲ့ ကျုပ် အိမ်ရောက်မှတွေ့မယ် ”
ဒေါ်လုံးမကား ဗျစ်တောက် ဗျစ်တောက်မြည်ကာ
ထွက်သွားပါတော့၏။

” ဟင်း၊ ဟင်း၊ ဗိုက်ဆာတယ်၊ ဗိုက်ဆာတယ် ”
ရုတ်တရက် အိမ်ပေါ်မှ ထွက်ပေါ်လာသော အသံကြောင့် ချစ်ဦးရော ဒေါ်မချစ်ပါ၊ အိမ်ပေါ်သို့ ပြေးတတ်လာခဲ့ကြ၏။

ဒေါ်လုံးမ ပြောသွားသည်ကို စိတ်ထဲ ထားချိန်ပင်
မရလိုက်ပေ။

{ သူ့များက ကိုယ့်ကို အကုသိုလ် လာပေးပေမဲ့၊
ကိုယ်က ထိုအကုသိုလ်ကို လက်မခံတဲ့အခါ ထို
အကုသိုလ်ဟာ ပေးတဲ့သူဆီသို့သာ
ပြန်ရောက်လာတဲ့ကြောင်း မှတ်သားရဖူး၏။ }

ဖခင် ဖြစ်သူကား အိပ်ရာပေါ်ပက်လက် အိပ်ကာ
တဟင်း ဟင်းညဉ်းနေ၏။

” အဖေ၊ အဖေ၊ အဖေ ဘာဖြစ်လို့လဲဟင်၊ အဖေ
ဘာစားချင်လဲ၊ ဘာသောက်ချင်လဲ၊ အဖေ စားချင်တာ ကို သားရအောင်ရှာပြီး ကျွေးမှာ၊
အဖေ ဘာစားချင်လို့လဲ ဟင် ”

ချစ်ဦး က ပြောပြောဆိုဆိုနှင့် ဖခင်ကို ဆွဲထူမယ် ဆိုတဲ့အတွေးနဲ့ကိုင်လိုက်တော့၊
ဖခင်ဖြစ်သူ၏ ခန္ဓာဟာ အလွန်အမင်း အေးစက်နေ
သည်ကို သတိထားမိလိုက်၏။

” ဟင်၊ အဖေ့ ခန္ဓာက အရမ်းအေးစက်နေပါလား၊
သွေးမရှိတော့တဲ့အတိုင်းပါပဲလား ”

” ဟေ့ အကောင်၊ လွှတ်စမ်း ငါ့ကို အခုလွှတ် ”
ဖခင်ဖြစ်သူ အတင်း အော်ဟစ် ရုန်းကန်နေ၍ ချစ်ဦးလည်း လွှတ်လိုက်၏။

ဖခင် ဦးကျော့သာ တစ်ခုခုတော့ မှားယွင်းနေပြီဆိုတာ
ချစ်ဦး သဘောပေါက်သွားပါတော့၏။

ထိုအခိုက် မိခင်ဖြစ်သူ အခန်းထဲသို့ ဝင်လာပြီး၊

” တော့ ကိုကျော့သာ၊ တော် ရေမချိုးတာ အတော်ကြာပြီ၊ နံဟောင်နေတာပဲ၊ ကျုပ် ရေနွေးတည်ထားတယ်၊
ဒီနေ့တော့ ရေချိုးရအောင်လား တော်ရယ် ”

ဒေါ်မချစ်က ညင်သာစွာ ပြောပေမဲ့ ဦးကျော့သာမှာ
အကြောက်အကန် ငြင်းပါတော့၏။

” ဟာ၊ မချိုးဘူး မချိုးဘူး ငါလုံးဝ ရေမချိုး၊ သွား သွား
နင်တို့ နှစ်ယောက်လုံး အခန်းထဲက ထွက်သွား ”

” ကဲပါ အဖေရယ်၊ ရေမချိုးဆိုလည်း မချိုးဘူးပေါ့၊
အဖေ ဒီနေ့ ဘာစားချင်လဲ ဟင် ”

ဦးကျော့သာ၏ လေသံမှာ ချက်ချင်းပြောင်းသွားပြီး
” ဟင်း၊ ဟင်း၊ ဟင်း၊ အဖေ၊ အဖေ အမဲ
သားပဲစားချင်တယ်၊ အဖေ့အတွက် အမဲသားဝယ်ပေးပါလား ” ဟု

အသံခပ်သြသြနှင့်ပြော၏။

ဖခင် ဖြစ်သူ၏ စကားကြောင့် ချစ်ဦး တစ်ယောက် အံ့သြသွားခဲ့ရ၏။

” ဗျာ၊ အမဲသား ဟုတ်လားအဖေ ”

” ဟင်း ဟင်း၊ ဟုတ်တယ်သား၊ အမဲသားပဲ စားချင်လို့”

” ဟာ အဖေ အမဲသားကို ဘယ်တုန်းကမှ မစားခဲ့ဘူးလေဗျာ၊ ခုမှ ရုတ်တရက် စားချင်လာတာကတော့၊ မဟုတ်သေးပါဘူး ”

ချစ်ဦး ထိုသို့ ပြောလိုက်တော့၊ သူ၏ ဖခင်ဖြစ်သူက
မျက်လုံးထောင့်နီနီဖြင့် စိုက်ကြည့်ကာ၊

” ဟေ့၊ ငါက ဝယ်ပေးဆို ဝယ်ပေး၊ နင်လျှာမရှည်နဲ့၊ အမဲသားကိုမစားပဲ နင်တို့ကိုစားလိုက်ရမှာလားပြော၊
သွား ခုသွား ၊ ပြန်လာရင် အမဲသားပါ ပါစေ။” ဟု
အော်ပြောလိုက်ပါတော့၏။

ဖခင် ဖြစ်သူက ဘာ့ကြောင့် ခုလိုပြောရလဲ
ချစ်ဦးနားမလည်နိုင်ပါ။

သူ၏ ဖခင်ကား အိပ်ရာထဲ လှဲကာ ” တဟင်း ဟင်း ဟင်း ” ညဉ်းနေသည်သာတည်း။ ။

***** ***** *****

ချစ်ဦးတို့ရဲ့ ရွာနာမည်က မင်းကြီးရွာ၊
အိမ်ခြေ ၅၀၀ကျော်ရှိသော ရွာကြီးပင်။

ချစ်ဦးတို့မှာက အဖေ ဦးကျော့သာရယ်၊
အမေ ဒေါ်မချစ်ရယ်၊ သား ချစ်ဦးရယ် သုံးယောက်တည်း။

သူတို့က လယ်ပိုင်ယာပိုင်တွေဆိုပေမဲ့ သူရင်းငှားတွေနဲ့သာ
အကုန်လွှဲပေးထား၏။
ချစ်ဦးတို့ အတွက်က အချိန်တန်ရင် ဘယ်လောက်
ဘယ်လောက် တွတ်ချက်ရုံ။

သူရင်းငှားတွေကလည်း မိသားစုဝင်တွေလိုဖြစ်နေ၍၊
စိတ်ချယုံကြည်ရ၏။

ချစ်ဦးက တစ်ဦးတည်းသော သားမို့ အချစ်ခံ
အလိုလိုက်ခံရပေမဲ့ မမောက်ကြွ မပျက်စီးသော လူလိမ္မာကလေးတစ်ဦးပင်။

ချစ်ဦး တစ်ယောက် မိမိ၏ ဖခင်ကို “တစ်ခုခုမှားနေတယ်” ဟု သံသယ ဝင်ရခြင်း အကြောင်းကား……….

လွန်ခဲ့တဲ့ လ အနည်းငယ်က ဦးကျော့သာ တစ်ယောက်
လယ်တဲထဲက စပါးတွေကို စိစစ်တွက်ချက်ရင်းအပြန်
အိမ်အရောက်မှာ၊ အပူမိပြီး အပြင်းဖျားပါလေရော။

ဒေါ်မချစ်က ဆရာတွေ သမားတွေနဲ့ ဘယ်လိုပဲ ကုကု
ဦးကျော့သာရဲ့ ရောဂါက မသက်သာခဲ့။

တစ်နေ့ထက် တစ်နေ့ ပိုပိုဆိုးလာခဲ့၏။
မြို့ဆေးရုံ ဆေးခန်းတွေမှာလည်း သွားပြတာ၊
ရက်လချီကြာလို့။

ဒါတောင်အခြေအနေကပိုဆိုးလာပြီး၊
ကြာတော့ အိမ်ရဲ့ စီးပွားရေးတောင် ဆုတ်ယုတ်စပြုလာ၏။

ဦးကျော့သာက သူ့အခြေအနေကို သူသိကြောင်း၊
အိမ်ကိုပဲပြန်ချင်ကြောင်း ပြောပေမဲ့၊
ဒေါ်မချစ်က အတင်းကုခဲ့သေး၏။

နောက်ဆုံး ဦးကျော့သာက သူ့ကို အိမ်သို့ပဲ ပို့ရန်
မရမကတောင်းဆိုတော့မှ
လက်လျော့ကာ အိမ်၌ထားရခြင်းဖြစ်၏။

ထိုသို့ ရောဂါလောင်ကျွမ်းပြီး ဘာမှ မစားမသောက်တော့တဲ့ သေခါနီး လူနာတစ်ယောက်က ရုတ်တရက်
ပြန်လည်တတ်ကြွလန်းဆန်းကာ၊

” အမဲသားစားချင်တယ် ” ဟု ပြောခြင်းက
ချစ်ဦးအတွက်
သံသယ ဝင်စရာ အဓိက အကြောင်းအရင်းပင်ဖြစ်၏။

ရောဂါ စဖြစ်တဲ့ နေ့က စပြီး တစ်ခါမှ ခုလို မတောင်းဆိုဖူးခဲ့။
ယခုမှ အမဲသား စားချင်တယ် ဟု ပြောရခြင်းဖြစ်၏

ဤ သို့နှင့် မနက်ပိုင်း ထမင်းစားချိန်မှာရော
ညနေထမင်းစားချိန်မှာရော ဘာပဲကျွေးကျွေး ဦးကျော့သာကား လုံးဝမစားပဲ ငြင်းသည်ချည်း။

အိပ်ရာထဲမှ လုံးဝ မထပဲ အမြဲတမ်း တဟင်းဟင်းသာ
မြည်နေ၏။

မနက်ရောက်တိုင်းလည်း ရွာထဲမှ ကြက်ပျောက်
ငှက်ပျောက်အသံများ နေ့တိုင်း ကြားလာရ၏။

အကုန်လုံးက လူရိပ်တစ်ခုမြင်လိုက်တယ် ဟု ပြောကြပေမဲ့ ဘယ်
သူဘယ်ဝါမှန်း အတိအကျတော့ မည်သူမှ မပြောနိုင်။

သူကြီးက ကင်းအလှည့်ကို ထပ်တိုးချပေမဲ့လည်း
ကြက်သူခိုးကို လုံးဝ ဖမ်းမမိချေ။

လေးရက်မြောက် ည ………

ချစ်ဦး လုံးဝ အိပ်မပျော်၍ ဟိုဘက်သည်ဘက်
လူးလှိမ့်ကာ ဖခင်၏အကြောင်းကို တွေးတောနေမိ၏။

တစ်နေ့လုံး တဟင်းဟင်း ညဉ်းနေသော ဖခင်ဖြစ်သူကား ယခုမှတိတ်သွား၍၊

” အဖေ၊ အိပ်ပျော်သွားတာလားမသိဘူး ” ဟု တွေးကာ၊
ဖခင်ဖြစ်သူအား ကြည့်ရှု့ရန်အတွက်၊
မိမိအခန်းထဲမှ ထွက်ပြီး ဖခင်၏ အခန်းသို့ ဝင်လာခဲ့
လိုက်၏။

” ကျွီ ”
တံခါးကို ဖြေးညှင်းစွာ ဖွင့်ပြီး ကြည့်လိုက်တော့
ဖခင်ဖြစ်သူကိုမတွေ့ရချေ။

“ဟာ၊ အဖေ၊ အဖေ ဘယ်ရောက်သွားတာလဲ ”

ပထမတော့ မိခင်ဖြစ်သူကို သတိပေးလိုပေမဲ့
အစိုးရိမ်လွန်တတ်တဲ့
သူ့ရဲ့မိခင် အကြောင်းကို သူ အသိဆုံးမို့၊ မိခင်အား
အသိမပေးတော့ပဲ
ကိုယ်တိုင်ပဲ တိတ်တိတ်ကလေး ဖခင်ဖြစ်သူကို ရှာနေမိ၏။

နံရံပေါ်ချိတ်ဆွဲထားသော နာရီကို ကြည့်လိုက်တော့လည်း
အချိန်က သန်းခေါင်ယံ အချိန်။

တစ်နေ့လုံး တစ်ဟင်းဟင်းမြည်နေသော ဖခင်က
ယခု သန်းခေါင်ယံအချိန်မှ
ဘယ်ပျောက်လို့ပျောက်သွားမှန်းမသိ၍၊
ချစ်ဦး အံ့သြတုန်လှုပ်သွားရ၏။

အိမ်ပေါ်အိမ်အောက် ရှာကြည့်ပေမဲ့ မတွေ့ရ၍၊
ချစ်ဦး ခေါင်းကုတ်နေမိ၏။

ထိုအခိုက်
ရွာအရှေ့ဘက်ခြမ်းမှ ခွေးအူသံများဆူညံစွာ ထွက်ပေါ်လာတော့၏။

” အု ဝူး ဝူး ဝူး ဝူး ”

ပထမတော့ ဆွဲဆွဲငင်အူသော ခွေးတစ်ကောင်၏အသံကိုသာကြားရပေမဲ့၊ ခဏကြာတော့
ခွေးအုပ်၏ ဆိုးဆိုးရွားရွားဟောင်သံကို
ကြက်သီးထဖွယ်ကြားလိုက်ရတော့၏။

” ဝုတ် ဝုတ် ဝုတ် ဝုတ် ”

ခွေးအုပ်၏ ဆူဆူညံညံဟောင်သံက သူတို့အိမ်နှင့်
တဖြည်းဖြည်းနီးလာ၍၊
ချစ်ဦး အိမ်ပေါ်သို့ပြန်တတ်ကာ၊ မိမိ၏ အိပ်ခန်းမှ ပြူတင်းကိုဟစိစိလေးလုပ်ပြီး၊ ခြံတံခါးဘက်ကိုကြည့်နေလိုက်၏။

” ဟာ၊ အဖေ၊ အဖေ ”

ချစ်ဦး အံ့သြထိတ်လန့်သွား၏။

လရောင်ကြယ်ရောင်အောက်၊ ခြံတံခါးအရှေ့မှာ မြင်လိုက်ရသည်က
ပကတိ လူကောင်းတစ်ယောက်သဖွယ် ပြေးလွှားသွားလာနေသောသူ၏ ဖခင် ဦးကျော့သာ ကိုပင်တည်း။

ဖခင် ဖြစ်သူကား ချစ်ဦးကို မမြင်ပဲ ဟိုဘက်
သည်ဘက်ကိုကြည့်ကာ လက်ထဲမှ တစ်စုံတစ်ခုကို အားပါးတရ ကိုက်ဖဲ့ စားသောက်နေ၏။

” အောင်မလေး၊ ဘုရား ဘုရား ၊ ဒါ ဒါ ငါ့အဖေ မှ
ဟုတ်ရဲ့လား၊ ကြက်တစ်ကောင်လုံးကို အစိမ်းစားနေပါလား၊ ဘုရား ဘုရား ၊ ငါ ငါ ဘယ်လိုလုပ်ရမလဲ ”

ချစ်ဦး ကြည့်နေတုန်းမှာပင် ဖခင်၏ လက်ထဲမှ ကြက်ကား တစ်ခဏတည်းဖြင့်ကုန်သွား၏။
အရိုးပင်မထွက်။

” ဟာ၊ ဒါ ဒါ ဆို ဒေါ်လုံးမ ရဲ့ ကြက်ပျောက်ရခြင်း
လက်သည် တရားခံက တကယ်ပဲ အဖေများလား၊ ဘုရား ဘုရား ဘာတွေ ဖြစ်နေတာပါလိမ့် ”

နဂိုကတည်းက အိပ်မပျော်သော ချစ်ဦးကား ဖခင်ဖြစ်သူရဲ့ အပြုအမူကို မြင်သောအခါ၊
မနက်အမြန်ရောက်ပါစေဟု သာ ဆုတောင်းနေမိတော့၏။
**** ***** **** *****

နောက်တစ်နေ့မနက် ………

ချစ်ဦး၊ ဖခင်ဖြစ်သူရဲ့ အခန်းထဲသို့ ဝင်လာခဲ့၏။

ထိုအချိန်၌ ဖခင်ဖြစ်သူကား အိပ်ပျော်လျက် တခေါခေါ
ဟောက်နေ၏။

ချစ်ဦးက ဖခင်ဖြစ်သူရဲ့ ပုံပန်းသဏ္ဍာန်ကို အသေအချာ စူးစူးစိုက်စိုက်ကြည့်လိုက်၏။

” ဟာ ”
ချစ်ဦး ထိတ်လန့်သွားရပြန်တော့၏။

အဘယ့်ကြောင့်ဆိုသော် …….

သူ့ရဲ့ ဖခင် ဦးကျော့သာ၏ မျက်လုံးများမှာ မှေးပြီး
ချိုင့်ဝင်နေခြင်း၊
နားရွတ်နှစ်ဖက်သည်လည်း ဦးခေါင်းနှင့် ကပ်နေပြီး၊
နှာခေါင်းမှာ သာမာန်လူတို့ထက် တို၍၊
အထက်သို့လန်နေခြင်း၊

တခေါ ခေါ ဟောက်ကာ အိပ်ပျော်နေပေမဲ့၊
သူ၏ နှုတ်ခမ်း အစုံကား အတွင်းသို့ ကုတ်ဝင်နေခြင်း၊

လည်ပင်း ညှပ်ရိုးများမှာလည်း သွပ်ကဲ့သို့ တင့်တင်း
မာကျောနေပြီး၊
ဟောက်တိုင်း ဟောက်တိုင်း ဆိုးရွားသော အနံက ချစ်ဦး၏
နှာခေါင်းထဲသို့ ဝင်ရောက်လာခြင်း၊

တဖန် အသားအရည် ကို ကြည့်ပြန်တော့လည်း
မွဲခြောက်နေခြင်း စသော အကြောင်းတို့ကြောင်းဖြစ်၏။

ချစ်ဦး ကြားဖူးသလောက်ဆို၊ ဒါက ပင်ကိုယ်လိပ်ပြာ
ပျောက်ပြီး၊ မကောင်းဆိုးရွားဖုတ် ဝင်စားနေသူ၏၊
လက္ခဏာဖြစ်မှန်း ချစ်ဦး ကောင်းကောင်း
သဘောပေါက်သွားတော့၏။

” ဘုရား၊ ဘုရား၊ အဖေ ၊ အဖေ ၊ တကယ်ပဲ အဖေ့
ခန္ဓာမှာ ဖုတ်ကောင် ဝင်စားနေတာများလား၊
အို …… မဖြစ်သေးပါဘူး၊ အဖေ့ရဲ့ သွေးတိုးမှု့ကို
စမ်းအုန်းမှ ”

ချစ်ဦး စိတ်ထဲ ထိုသို့ကြံကာ ဖခင်ဖြစ်သူ၏ လက်ကို
စမ်းမည်လုပ်တော့၊ ဖခင်ဖြစ်သူ နိုးလာပါတော့၏။

” ဟင်း၊ ဟင်း၊ ဟင်း ”

ဖခင်ဖြစ်သူ နိုးလာပေမဲ့ ချစ်ဦးကလည်း အလျော့မပေးပဲ
ဖခင်ရဲ့ လက်ကို အတင်းဆွဲကာ စမ်းကြည့်လိုက်၏။

” ဟင်း၊ ဟေ့ အကောင် ၊ နင် နင် ဘာလုပ်တာလဲ၊ နင် ငါ့လက်ကိုလွှတ်စမ်း ”

ဖခင်က အတင်းရုန်းပေမဲ့ ချစ်ဦးကား လုံးဝ
မလွှတ်ပေးချေ။

ထိုအခါ ချစ်ဦး သတိထားမိလိုက်သည်က သူ၏
ဖခင်ဟာ ကိုယ်လက်လေးလံပြီး မလှုပ်မရှားနိုင်ခြင်းနှင့်၊

သွေးတိုးမှု့က ဖားခုန် ခုန်ပြီး ဆုတ်ယုတ်နေခြင်းကိုပင်
ဖြစ်၏။

“ဟေ့ အကောင်၊ ငါ့ကို အခုလွှတ်စမ်း၊ ငါ့ကို အခု
လွှတ်စမ်း”

” ခဏလေးပါ အဖေရဲ့၊ ခဏလေးပါ၊ အဖေ အမဲသား
စားချင်တယ်မလား၊ ပြီးရင် သား ကိုယ်တိုင် အမဲသားဝယ်
ပြီး ချက်ပေးမယ်လေ ”

ချစ်ဦးက ဖခင်အား အမဲသားနှင့် ဖျားယောင်ပြီး၊
မျက်လုံးထဲစိုက်က်ကြည့်လိုက်တော့၊
ဖခင်ဖြစ်သူရဲ့ မျက်လုံးအစုံဟာ မငြိမ်မသက်ဖြစ်နေပြီး၊
{ မျက်လုံးကစားနေပြီး } အထက်သို့လန်နေ၏။

“ဟာ ”

ချစ်ဦး ထိတ်လန့် တုန်လှုပ်သွားကာ၊ ဖခင်၏ လက်ကို
လွှတ်ချလိုက်ပြီး အခန်းနံရံကို မှီလျက်
ထိုင်ချလိုက်ပါတော့၏။

သူ့စိတ်က လုံးဝ လက်မခံ မယုံကြည်နိုင်ပေမဲ့၊
ငြင်း၍မရ လက်ခံရပေတော့မည်။

ထို့ကြောင့် အချိန် မဆွဲတော့ပဲ၊ ထိုင်နေရာမှ
အလျင်အမြန်ထကာ ဟန်မပျက်စေပဲ၊

” အဖေ၊ သား အမဲသား သွားဝယ်လိုက်မယ်နော်၊
အဖေ အမဲသားစားချင်တယ် မလားဟင် ” ဟု ပြောကာ
ဖခင်၏ အခန်းမှ လျင်မြန်စွာထွက်လာခဲ့လိုက်၏။

ချစ်ဦး၏ မိခင်ကား ဘာမှ မသိရှာပေ။

” သား၊ ဘယ်သွားမလို့လဲ၊ အလောတကြီးနဲ့၊
မျက်နှာလည်း မကောင်းပါလား ”

သားဖြစ်သူ ချစ်ဦး၊ သူ့ဖခင်၏ အခန်းမှ ထွက်ကာ
အလောတကြီးနှင့် အိမ်ပေါ်မှ ဆင်းသွားသည်ကိုမြင်၍၊
မိခင်ဖြစ်သူ ဒေါ်မချစ် မေးလိုက်ခြင်းဖြစ်၏။

ချစ်ဦးလည်း သူ၏ မိခင်သာ အမှန်တရားကို သိသွားရင် ဘယ်လိုမှ လက်ခံနိုင်မှာ မဟုတ်မှန်းသိ၍၊
မိခင်ဖြစ်သူအား နောက်မှ ရှင်းပြတော့မည်ဟုတွေးကာ ….

” ဘယ်မှ မသွားပါဘူး အမေရ၊ သား ဈေးဘက် ခဏသွားမလို့ပါ “ဟု ညာပြောလိုက်ပါတော့၏။

********** ******* ****

” ဟူး၊ ဟူး၊ ဟူး၊ သူကြီးရေ၊ သူကြီး ၊ သူကြီး အမြန်ထွက်ခဲ့ပါအုန်း ”

ချစ်ဦး၏ တမောတကော အော်သံကြောင်း သူကြီး
ဖိုးမောင်လည်း အိမ်ပေါ်မှ အမြန်ပြေးဆင်းလာ၏။

” ချစ်ဦး၊ ရေးကြီးသုတ်ပျာနဲ့ ဘာဖြစ်လာလို့တုန်း ”

“ဟူးဟဲ ဟူးဟဲ ဟူးးးးး၊ သူကြီး သူကြီး၊ ကျုပ်အဖေလေ
ကျုပ်အဖေ ဦးကျော့သာလေ ”

ချစ်ဦးမှာ မောလွန်း၍ စကားလုံးများ အထစ်ထစ်
အငေါ့ငေါ့။

” ဟမ်၊ ကိုကျော့သာ ဘာဖြစ်လို့တုန်း ”

” မိစိန်ရေ၊ ချစ်ဦးကို ရေအေးအေးလေးတစ်ခွက်လောက်
ခပ်ပေးလိုက်အုန်း၊ သူ့ကြည့်ရတာ ငါပါမောတယ် ”

သူကြီး အော်ပြောလိုက်၍ မိစိန် မည်သော မိန်းကလေးက ရေတစ်ခွက် လာပေး၏။

” ရေသောက် လိုက်အုန်း ”

မိစိန်ရဲ့လက်ထဲက ရေခွက်ကိုယူကာ ချစ်ဦးမော့ချလိုက်၏။

” ကဲ ဘာဖြစ်လာလဲ၊ ဖြေးဖြေးချင်းပြော ဟုတ်ပြီလား ”

” သူကြီး၊ ကျုပ်အဖေလေ ကျုပ်အဖေကို
ဖုတ်ကောင်ဝင်ပူးနေလို့”

” ဘာ၊ ဘယ်လို ဘယ်လို ချစ်ဦး၊ မင်း မင်း
ဘာပြောလိုက်တယ်”
ချစ်ဦး ၏စကားကို သူကြီးမယုံနိုင် ဖြစ်သွားရ၏။

” ချစ်ဦး ၊ ငါ ငါ နားကြားမှားတာတော့ မဟုတ်ပါဘူးနော် ”

” မဟုတ်ဘူး သူကြီး၊ တကယ် ဖုတ်ကောင်ဝင်နေတာ ……ဟု
အစချီကာ ဒေါ်လုံးမ ကြောက်ပျက်တာကအစ၊

တစ်နေ့ညက သူ့ဖခင် ကြက်တစ်ကောင်လုံး
အစိမ်းလိုက်စားလိုက်တာနှင့် ဖခင်၌ မြင်တွေ့ရသော
ဖုတ်ကောင်၏ လက္ခဏာအဆုံးအကုန်လုံးပြောပြလိုက်ပါ
တော့၏။

” အင်း၊ မင်းပြောတဲ့အတိုင်း ဆိုရင် ၊ ကိုကျော့သာကို
တကယ်ပဲ ဖုတ်ဝင်စားနေတာလား၊

ဒါပေမဲ့ နေပါအုန်း၊ ငါ မရှင်းတာ ရှိသေးတယ်၊
ဖုတ်ဝင်တယ်ဆိုတာက
သေပြီးသူရဲ့ ခန္ဓာမှာပဲ ဝင်ကပ်လို့ရတာမလား”

” အဲဒီ ကိစ္စကို ကျုပ်လည်း မရှင်းမလင်းဖြစ်နေတာ၊
အဖေ ခုလိုဖြစ်နေတာကို ထောက်ဆရင်တော့၊ ကျုပ်တို့
မသိလိုက်တဲ့ အချိန်မှာ ဆုံးပါးသွားတာ ထင်တယ် ”

” အင်း၊ ဒီကိစ္စ ကို သေချာအောင် လုပ်ဖို့ တစ်နည်းပဲ
ရှိတယ်၊ ငါ့ အိမ်နောက်မှာ သြဇာပင်ရှိတယ်၊
မင်း၊ သြဇာရွက် သွားခူးချေ၊

ပြီးရင် ငါပါ မင်းတို့ အိမ်သို့လိုက်ခဲ့မယ်၊
သေချာပြီဆိုမှ ကျန်ကိစ္စတွေကို စီစဉ်ကြတာပေါ့”

“ဟုတ်၊ ဟုတ်ကဲ့၊ သူကြီး ”
********* ***** ****

သူကြီးနှင့် ချစ်ဦးတို့ အိမ်သို့ရောက်သောအခါ
ကံအားလျော်စွာပင်၊ ဒေါ်မချစ် အိမ်မှာ ရှိမနေပေ။

သူကြီးရဲ့ အကြံပေးမှုအတိုင်း ချစ်ဦးက
သြဇာရွက်တစ်ဆုပ်နှင့် ညစ်နွမ်းနေသော ဖိနပ်တစ်ရံကို
ကိုင်ကာ ဖခင်၏ အခန်းထဲသို့ ဝင်သွားပြီး၊
ကုတင်အောက်မှာ ထားမည့်ဟန်ပြင်တော့၊

ဖခင်ဖြစ်သူ အိပ်ရာမှ ဝုန်း ကနဲထကာ

” ဟေ့ အကောင်၊ နင် ဘာတွေ ယူလာတာလဲ၊ သွားစမ်း၊
ဝေးဝေးသွားစမ်း ” ဟု အော်ဟစ် မောင်းထုတ်ပါတော့၏။

ချစ်ဦးက မကြားဟန်ပြုပြီး ကုတင်အောက် အတင်း
ထိုးထည့်မယ်လုပ်တော့ ဖခင်ဖြစ်သူက မျက်လုံးထောင့် နီနဲ့ စားတော့မလို ဝါးတော့မလိုကြည့်ကာ
အော်ဟစ်မောင်းထုတ်ပါတော့တယ်။

ထိုအခါ သူကြီးက
” ချစ်ဦး မင်း ထင်မြင်ယူဆတာ မှန်နေပြီ “ဟု
အချက်ပြလိုက်တော့၏။

ချစ်ဦးရော သူကြီးပါ အိမ်အောက် ဆင်းလာကြ၏။

” ချစ်ဦး၊ အဲဒါ မင်းအဖေ မဟုတ်တော့ဘူး၊
ဖြစ်နိုင်တာကတော့ မင်းတို့ မသိလိုက်တဲ့
ည အချိန်မှာ သေသွားပြီး၊ အငှားခန္ဓာ ရှာနေတဲ့
အကောင် { ဖုတ်ကောင် } က ဝင်စီးထားတာပဲ၊

ဒီတော့ မင်းရဲ့ အမေ လာတာနဲ့ အသေအရှာရှင်းပြထား၊
ငါ လည်း လူကြီးတစ်ချို့နဲ့ စီစဉ်စရာရှိတာ စီစဉ်လိုက်မယ်၊
ဒီည အဲဒီဖုတ်ကောင်ကို မောင်းထုတ်ကြတာပေါ့၊
ဒါပေမဲ့ ဒီကိစ္စကိုလူကြီးတစ်ချို့က လွဲပြီး ရွာသားတွေကို သိစေလို့မဖြစ်ဘူး၊

ငါ အခုသွားပြီး စီစဉ်လိုက်မယ်၊
ရွာကျောင်း ဆရာတော်ဘုရားကိုလည်း
အကျိုးအကြောင်း ငါပဲ လျှောက်ထားလိုက်မယ်၊
မင်းက မင်း အမေ ကိုနားချထား၊
ပြီးတော့ ဟန်မပျက်နေကြ ကြားလား ”

သူကြီးမှာ စကားတွေ တသီကြီးပြောပြီး
ထွက်သွားပါတော့၏။
****** ****** ******

မိခင်ဖြစ်သူ ပြန်ရောက်တော့ ချစ်ဦး မနည်းနားချလိုက်ရ၏။

ထိုအချိန်၌ သူကြီးလည်း ရွာကျောင်းဆရာတော်နှင့်သုဘရာဇာ အပါအဝင် လူတစ်ချို့ကို ကျိုးသင့်ကြောင်းသင့်ရှင်းပြနေ၏။

လူတွေကလည်း တစ်ချို့ယုံ တစ်ချို့မယုံ။

ဒါပေမဲ့ သူကြီးကိုယ်တိုင် ပြောနေတာဆိုတော့ ဘယ်သူမှ မငြင်းရဲ။

သူကြီးက သုဘရာဇာအား တံစူးဝါးတစ်ချို့ ကို
အသင့်ပြင်ဆင်ခိုင်းထား၏။

မီးသဂြုၤိလ်ပြီး တံစူးဝါး များကို မီးမရှို့ပဲထား ထားသော
သုဘရာဇာကိုကျေးဇူးတင်မဆုံးဖြစ်နေတာက
သူကြီးဖိုးမောင်၊။

ပြီးနောက်
တစ်ချို့အား အခေါင်းစပ်ရန်မှာကြားထား၏။

ဤသို့နှင့် ည အချိန်ကို ရောက်လာခဲ့တော့တာပေါ့ …..

ချစ်ဦးတို့ သားမိကလည်း ဟန်မပျက် ပုံစံမပျက်။

ဦးကျော့သာကတော့ သန်းခေါင်ယံ မရောက်မချင်း
” တဟင်း ဟင်း ” ညဉ်းနေ၏။

သန်းခေါင်ယံ ရောက်လည်းရောက်ရော ချက်ချင်း
တိတ်သွားပြီး၊ အိပ်ရာမှ ဝုန်းကနဲထလာ၏။

ပြီးသည်နှင့် ချစ်ဦးရဲ့အခန်းကိုဝင်ပြီး ချစ်ဦး တကယ်အိပ်
မအိပ်စူးစိုက်စွာကြည့်၏။

ထိုအချိန်၌ကား ချစ်ဦးမှာ လိပ်ပြာလွင့်မတတ်
ကြောက်ရွံ့နေ၏။

ဦးကျော့သာ တစ်ဖြစ်လည်း ဖုတ်ကောင်မှာ ချစ်ဦး အား
အတန်ငယ်ကြာအောင်စူးစိုက်ကြည့်ပြီး၊

ချစ်ဦး အခန်း၏ ပြူတင်းပေါက်မှ စွတ်ကနဲ
ခုန်ချသွားပါတော့၏။

ထိုအခါမှ ချစ်ဦး အသက် ဖြင့်ဖြင့်ရှုနိုင်၏။

ချစ်ဦးလည်း အိပ်ရာထဲကထပြီး၊ သူ့အိမ်တစ်ဖက်ရဲ့
အိမ်မှာ ပုန်းခိုစောင့်ဆိုင်းနေကြတဲ့၊

သူကြီးတို့ကို တိတ်တိတ်ကလေး သွားခေါ်ပြီး၊
ချစ်ဦးတို့ရဲ့ ခြံဝိုင်း
အတွင်းတွင် အသီးသီးနေရာယူလိုက်ကြ၏။

နာရီပြန်တစ်ချက်လောက်ကြာတဲ့အခါ ကြက်နှစ်ကောင်ကို တစ်ဖက် တစ်ကောင်ကိုင်ပြီး၊

ဟိုအကောင်ကိုတစ်ကိုက် သည်အကောင်ကို
တစ်ကိုက်နှင့် စားပြီး ခြံထဲ ဝင်လာနေသော ဦးကျော့သာ ကို အံ့သြဖွယ်ရာ တွေ့မြင်လိုက်ကြရတော့၏။

ဦးကျော့သာက သူ့နောက် လိုက်လာတဲ့သူ ရှိ မရှိ အသေအချာကြည့်ပြီး ကြက်နှစ်ကောင်ကို
အားပါးတရ ကိုက်ဖဲ့စားနေတုန်း

” ” ဝိုင်းဟေ့၊ ဝိုင်းဟ ” ဟုသော ညာသံပေး
အော်သံနှင့်အတူ သူကြီးတို့က ဦးကျော့သာအား ဝိုင်းထားလိုက်ကြပါတော့၏။

” အော်၊ သင်းတို့က သိသွားကြပြီကိုး၊ ဟား ဟား ဟား
ဟား ”
ဦးကျော့သာက လူတွေ သူ့ကို ဝိုင်းထားတာတွေ့တော့ သဘောကျစွာ ရယ်ပါတော့၏။

” သင်ဘယ်သူလဲ၊ ဦးကျော့သာ ရဲ့ ခန္ဓာထဲ ဘာလို့
ရောက်နေတာလဲ၊
သင်ထွက်သွားတာ ကောင်းပါလိမ့်မယ် ”
တည်တံ့စွာပြောလိုက်သူက သုဘရာဇာကြီးပင်၊

” ဟား ဟား ဟား၊ သုဘရာဇာကြီး ကျုပ်ကိုမမှတ်မိတော့ဘူးလား၊

ကျုပ်က သင်္ချိုင်းဇရပ်နား ဆီး{ဇီး } ပင်က သရဲနီလေ
ဟား ဟား ဟား ၊

ခင်ဗျားပြောတဲ့ ကျော့သာက သေသွားတာကြာရောပေါ့၊ သူမရှိတုန်း ကျုပ်က သူ့ခန္ဓာ ခဏ ငှားသုံးရုံပါ ဟား ဟား ”

ဖုတ်ကောင် ရယ်နေတုန်း သူကြီးနှင့် သုဘရာဇာ
အပါအဝင် တခြားသူတို့က တံစူးဝါးကို ထုတ်ပြလိုက်တော့၊
ဖုတ်ကောင်၏ အမူအရာက ချက်ချင်းပြောင်းသွား၏။

ထိုအချိန်၌ ချစ်ဦးနှင့် ဒေါ်မချစ်တော့ ရှိမနေပေ၊
ချစ်ဦးလာပြီး အသိပေးကတည်းက သူကြီးက ချစ်ဦးနှင့်
ဒေါ်မချစ်တို့ကို မပါဝင်ဖို့တားထားခြင်းဖြစ်၏။

” ကဲ သရဲနီ သင်းဖာသာသင်း ထွက်သွားမှာလား၊
ငါတို့ နှင်ထုတ်ပေးရမလား၊
ကြိုက်ရာ ရွေးချယ်ပေတော့ ”

သရဲနီက လုံးဝ မထွက်လိုပေ။

ထို့ကြောင့်

” သားရယ်၊ ချစ်ဦး ချစ်ဦး အဖေ့ကို ကယ်ပါအုန်းကွာ ” ဟု အသံ ပြာတာတာနှင့် အော်ပါတော့၏။

အော်သံကိုကြားတော့ ချစ်ဦးက ဘာမှ မဖြစ်ပေမဲ့
ဒေါ်လုံးမ က
အိမ်ပေါ်မှပြေးဆင်းမလိုလုပ်နေ၍ မနည်းတားထားရ၏။

” သရဲကောင်၊ ခုမှ လာပြီး မာယာများပြမနေနဲ့
ထွက်မှာလား/ မထွက်ဘူးလားပဲပြော ”
သုဘရာဇာကြီး၏ အသံက သြဇာအာဏာ ပါလွန်းလှ၏။

” ဟား၊ ဟား၊ ဟား၊ ငါ့ကို နင်တို့ ဒီအတိုင်း နှင်ထုတ်လို့
ရမယ်ထင်နေလား၊
ငါက သင်္ချိုင်းစောင့် မသိအောင်တောင် ထွက်ပြေးလာခဲ့နိုင်
တာ၊ နင်တို့က ဘာမို့လို့လဲ ”
သရဲနီ၏ အသံက ချက်ချင်းပြောင်းသွားပြန်၏။

” ကဲ၊ သင်းသဘောနဲ့ သင်းမထွက်တော့လဲ၊
ထိုးကြဟ ထိုးကြ ”
သုဘရာဇာက ထိုသို့ အော်ပြောလိုက်သောအခါ
လူတွေလည်း တံစူးဝါးနဲ့ ဝိုင်းပြီး ထိုးကြပါတော့၏။

” ချွတ်၊ စွတ် ”

” အားးးးး ”

” ဘုန်း ”

တံစူးဝါး နှင့် အထိုးခံရသည်နှင့် သရဲဝင်စီးထားသော
ဦးကျော့သာမှာ
နေရာတွင်ပြိုလဲပြီး ချက်ချင်း အပုပ်နံ့ထွက်လာပါတော့၏။

” ကဲ၊ သရဲနီတော့ သွားပြီ၊ မြေမြုပ်ဖို့လုပ်ကြ ”
သူကြီး၏ စကားကြောင်း ယောကျာ်းနှစ်ယောက်က ပုပ်ပြီး အရည် ပျော်နေပြီ ဖြစ်တဲ့ ဦးကျော့သာရဲ့ ကိုယ်ကို အသင့်လုပ်ထားတဲ့ အခေါင်းတွင် ထည့်လိုက်ကြတော့၏။

ထိုအခါမှ သူကြီးက ချစ်ဦးတို့ကို အိမ်ပေါ်မှ ဆင်းခွင့်ပြုပြီး၊
နောက်ဆုံးအနေနဲ့ ဦးကျော့သာ၏ အလောင်းပုပ်ကို
ကြည့်ခွင့်ပေးလိုက်၏။

ည အမှောင်ထုသည်ကား ဒေါ်မချစ် ရဲ့
အော်ငိုသံတို့ဖြင့် လွှမ်းခြုံသွားပါတော့တယ်။
****** ****** ***** ****** ***** ****

မင်းကြီးရွာမှာ ဦးကျော့သာ အကြောင်းကို ရက်အနည်း
ငယ်လောက် လူပြောများခဲ့ပေမဲ့ ကြာတော့လည်း
မေ့ပျောက်ပျောက်ဖြစ်သွားကြပြန်၏။

( ” သေသောသူ ကြာလျှင်မေ့ ” ဆိုပေမဲ့ ကျနော်တို့ကို
ချစ်တဲ့သူတွေကတော့ အမြဲအမှတ်ရနေမှာပါလေ။ )

ပထမရက်အနည်းငယ်တုန်းက အမျိုးမျိုးဝေဖန်ပြောဆို
ကြပေမဲ့ သူကြီးဖိုးမောင်က ရွာသားတွေကို ယုတ္တိရှိရှိ
လိမ်ညာထား၍ မည်သူကမျှ သူကြီးဖိုးမောင်အား
မေးခွန်းမထုတ်ရဲပေ။

ဦးကျော့သာရဲ့အကြောင်းကိုရော သရဲနီအကြောင်းကိုရော
ချစ်ဦးအပါအဝင် အကုန်လုံးမေ့ပျောက်ပျောက်ဖြစ်သွားကြ
ပေမဲ့ မမေ့ပျောက်နိုင်သူတစ်ယောက်ကား ……….
*** *** *** **** ****