သူတစ်ပါးမြေအားခိုးမိ၍အပြစ်ဒဏ်ခံရသူ (စ၊ဆုံး)

Posted on

သူတစ်ပါးမြေအားခိုးမိ၍အပြစ်ဒဏ်ခံရသူ (စ၊ဆုံး)
——————————————————-
“ဘုံး ဘုံး ဘုံး”

“ဒီခြတွေနဲ့တော့ငါစိတ်ပျက်ပါတယ်
ဝန်းထရံတစ်ခုလုံးလည်းရစရာမရှိတော့ဘူး။

“အမေဘာဖြစ်လို့လဲဗျ”

“ဘာဖြစ်ရမှာလဲသားရယ်
ခြတွေပေါ့ထရံတစ်ချပ်လုံးတက်နေလို့ပေါ့”

“ဟာဟုတ်ပါ့ ထရံတစ်ခုလုံး
ဘာမှရစရာမရှိတော့ဘူး။
အသစ်ပြန်လဲမှဖြစ်တော့မယ် ကြာလာရင်
ဘာမှကျန်မှာမဟုတ်တော့ဘူး”

ဘေးအိမ်မှဒေါ်ခင်ဖြူတို့သားအမိ
ပြောသောစကားများအားဒေါ်မိတင်
ကြားလိုက်ရလေသည်။

အိမ်နှစ်အိမ်အကြားကာရံထားသည့်
ဝန်းထရံမှာခြစား၍ကျိုးကြေပျက်စီးနေပြီ
ဖြစ်သည်။

ဒေါ်မိတင်အနေဖြင့်ဝန်းထရံအသစ်
လဲချင်ပေမယ့်စီးပွားရေးကမကောင်းသေးသဖြင့်
စိတ်ကူးအားအကောင်အထည်မဖော်
နိုင်ခြင်းဖြစ်သည်။

ယခုအိမ်နီးချင်းဖြစ်သူဒေါ်ခင်ဖြူတို့က
ဝန်းထရံအားသူတို့ပြုပြင်ပြီးလဲမည်ဟု
ကြားလိုက်သဖြင့်စိတ်ထဲမှအနည်းငယ်ပေါ့ပါးသွား
ရလေသည်။

ဒေါ်ခင်ဖြူနှင့်အိမ်နီးချင်းများဖြစ်ကြပေမယ့်
မခေါ်မပြောနေခဲ့သည်မှာနှစ်ပေါင်းများစွာ
ကြာခဲ့ပြီဖြစ်သည်။

ဒေါ်မိတင်ကအေးအေးဆေးဆေး
နေပေမယ့်တစ်ခါတလေဒေါ်ခင်ဖြူက
ဒေါ်မိတင်ကြားအောင်
ရွဲ့လားစောင်းလားပြောဆိုတတ်လေသည်။

ထိုသို့ရွဲ့စောင်းပြောသောစကားများအား
ဒေါ်မိတင်ကကြားပေမယ့်
မသိချင်ယောင်ဆောင်ပြီးနေခဲ့လေသည်။
ဒေါ်မိတင်ဘက်မှ
ပြဿနာကိုမကြီးချင်တာလည်း
ပါလေသည်။

သူကပြန်ပြောလိုက်လျှင်
သားသမီးတွေကပါလိုက်ပါလာမည်
စိုး၍အေးအေးဆေးဆေးနေခဲ့ခြင်းဖြစ်သည်။

ဒေါ်ခင်ဖြူနှင့်ဒေါ်မိတင်တို့နှစ်ဦးစလုံး
လင်ယောကျ်ားများမရှိကြတော့ပေ။

ဒေါ်မိတင်မှာသားသမီး၄ယောက်ရှိပြီး
ဒေါ်ခင်ဖြူကတော့သားသမီး၃ယောက်
ရှိလေသည်။

================

“ဒီထရံတွေအကုန်လုံးကိုလဲပစ်မယ်
ကိုတင်မောင် ဝါးထရံဘယ်နှစ်ချပ်လောက်
ကုန်မလဲ”

“၄ ၅ချပ်ဆိုရပါပြီ မခင်ဖြူရယ်
သိပ်မကုန်ပါဘူး”

“ဒါဆိုဝါးထရံလုပ်တဲ့သူတွေကို
မှာထားလိုက်မယ် ဝါးထရံ
ရတဲ့နေ့မှရှင့်ကိုလှမ်းပြောလိုက်မယ်လေ”

“အင်း…ကောင်းပါပြီ
ကျုပ်ဆက်ဆက်လာခဲ့ပါ့မယ်ဗျာ”

“အမေ ဟိုဘက်အိမ်က
ဝန်းထရံအသစ်ခတ်မလို့လား”

ဒေါ်မိတင်၏သမီးကြီးမပွင့်ခိုင်က
မေးလိုက်ခြင်းဖြစ်သည်။

“ဟုတ်တယ်လေ သမီးရဲ့
ဘာဖြစ်လို့လဲ”

“ကောင်းတယ်ကောင်းတယ်
ဒါမှသူတို့မျက်နှာမမြင်ရမှာ
အုတ်တံတိုင်းခတ်လိုက်ရင်ပိုကောင်းသား”

“သမီးရယ်ပြောမနေပါနဲ့
ထားလိုက္ပါ သူတို့ဟာသူတို့
ဘာပဲလုပ်လုပ်ကိုယ့်ကိစ္စမဟုတ်ဘူး။

ဒေါ်မိတင်ကသမီးဖြစ်သူအား
ငေါက်လိုက်လေသည်။
မပွင့်ခိုင်လည်းမိခင်ဖြစ်သူအားဘာမှပြန်မပြော
ပဲအသာငြိမ်နေလိုက်တော့သည်။

၁ပတ်ခန့်ကြာတော့
ဒေါ်ခင်ဖြူတို့မှအလုပ်သမားများငှားကာ
ဝန်းထရံခတ်ကြလေသည်။

“ဟုတ်ပြီ ရှေ့နည်းနည်းတိုးလိုက်ဦး
အေး အေး နည်းနည်းတိုးလိုက်”

“တိုးလို့မရတော့ဘူး မခင်ဖြူ
သူများဘက်ရောက်နေပြီဗျ”

“ဟာမရောက်ပါဘူး ဒါကျွန်မမြေလေ
ကျွန်မဘက်ပါတယ်ရှင့်”

“ဒီမှာဒေါ်ခင်ဖြူ ရှင်လူကြီးတန်ပဲ
မတရားမလုပ်ချင်ပါနဲ့။
ဒီမှာဒီသစ်ပင်ကကျွန်မတို့စိုက်ထားတာလေ
ဒါကျွန်မတို့ဝိုင်းဘက်ကပေါ့ရှင့်။
ဘာရှင့်မြေလဲ”

“အောင်မာ ညည်းကဘာသိလို့လဲ
ဒါကငါ့ဝိုင်းနယ်နိမိတ်လေ။
ငါ့ဟာငါတိုးတာဘာဖြစ်လဲ”

“ပါးတောင်ချလိုက်ချင်သေး
ဒေါ်ခင်ဖြူရယ် လူကြီးဖြစ်ပြီး
ဂျပိုးလိပ်ဖြစ်အောင်ပြောမနေပါနဲ့”

“အောင်မယ် ငါမွေးမှငါ့သမီးလောက်ပဲ
ရှိတဲ့ကောင်မကများ ငါ့ကိုပါးရိုက်ချင်
ရတာနဲ့။
ညည်းသတ္တိရှိရင်လုပ်ကြည့်လိုက်စမ်းပါ
လုပ်လိုက်စမ်းပါ”

“ဟဲ့ သမီးပွင့်ခိုင် တော်တော့
စိတ်ကိုထိန်းစမ်း”

“အမေဖယ်စမ်းပါ ဒီအဘွားကြီး
မတော်မတရားလုပ်တာလက်ပိုက်ပြီး
ငြိမ်ခံမနေနိုင်ဘူး”

“အမေဘာဖြစ်နေတာလဲ”

“ဘာဖြစ်ရမှာလဲ သမီးရယ်
ပွင့်ခိုင်ပေါ့ အမေတို့မြေပေါ်ခြံစည်းရိုးခတ်တာ
သူတို့ဘက်ရောက်နေတယ်ဆိုပြီး
လာရန်ထောင်နေတယ်လေ”

“မဟုတ်လို့လား ကျွန်မပြောတာ
မဟုတ္လို့လား”

“သမီးတော်စမ်း အမေပြောပါ့မယ်”

“အမေရယ်လွှတ်စမ်းပါ
မတရားတာကြီးကိုတော့ငြိမ်ခံမနေနိုင်ဘူး”

“ဟဲ့ကောင်မပွင့်ခိုင် ညည်းကငြိမ်ခံမနေနိုင်
ရအောင်ငါ့အမေကဘာလုပ်နေလို့လဲ
ငါတို့ဟာငါတို့ငါတို့မြေပေါ်ဝန်းထရံခတ်တာ
ညည်းနဲ့ဘာဆိုင်လို့တုန်းအေ့”

ဒေါ်ခင်ဖြူ၏သမီးမယုနိုင်က
ပွင့်ခိုင်အားရန်ထောင်လိုက်လေသည်။

“ဒီမယ်မခင်ဖြူ ရှင်ကဒီမြေကို
ရှင့်မြေလို့ထင်နေတယ်ပေါ့”

“ထင်တာမဟုတ်ဘူး ဟုတ်လို့ကိုပြောတာလေ”

“ရှင့်မြေလို့ထင်တယ်ဆိုရင်လည်း ယူလိုက်ပါ
မြေတစ်ထွာတစ်မိုက်နဲ့တော့ကျွန်မမငြင်းချင်ပါဘူး။
သေသွားရင်လည်းဒီမြေတွေက
သယ်သွားလို့မှမရတာ
အဲဒီတော့ယူလိုက်ရတယ် ဘာမှမဖြစ်ဘူး
အေး ဒါပေမယ့် နင်တစ်ခုပဲမှတ်ထားလိုက်ပါ
မခင်ဖြူ မဟုတ်တာလုပ်တဲ့သူက
သူ့အပြစ်နဲ့သူ့အကျိုး ပေးပါလိမ့်မယ်”

“ဟား ဟား ဟား သူခိုးကလူပြန်ဟစ်လို့
မိတင်ရယ် ရယ်တောင်ရယ်ချင်သေးရဲ့”

“လာသမီး ပွင့်ခိုင် မြေတစ်ဆုပ်စာနဲ့
အမေတို့ဘာမှဖြစ်မသွားဘူး။

မိခင်ဖြစ်သူမှအတင်းဆွဲခေါ်နေသဖြင့်
ပွင့်ခိုင်လည်းအိမ်ထဲပြန်ဝင်လာခဲ့ပြီး
စိတ်ကိုမနည်းထိန်းထားလိုက်ရတော့သည်။

မောင်တွေရှိမနေတာကကံကောင်းသွား
သည်ဟုဆိုရမည်။
သူတို့ရှိနေလျှင်အခြေအနေကဒီထက်ပိုဆိုး
သွားနိုင်သည်။

“ဘာရပ်နေကြတာလဲ
လုပ်စရာရှိတော့လုပ်ကြတော့လေ။
ဒီနေ့အပြီးသတ်လုပ်ပေးရမှာမဟုတ်ဘူးလား
ကိုတင်မောင်”

“အေး အေးပါ ငါသိပါတယ်”

ကိုတင်မောင်လည်းဒေါ်ခင်ဖြူအား
မလွန်ဆန်နိုင်သဖြင့်သူခိုင်းတဲ့အတိုင်း
ဝန်းထရံအားသူများမြေဘက်ရောက်အောင်
ခတ်ပေးလိုက်တော့သည်။

=================

အိမ်ဝန်းထရံခတ်ပြီးသည့်နေ့မှစ၍
ဒေါ်မိတင်နှင့်ဒေါ်ခင်ဖြူတို့အခြေအနေက
အရင်ကထပ်ပိုမိုတင်းမာသွားခဲ့ရလေသည်။

နှစ်ဖက်သားသမီးများကလည်း
တစ်ဦးတစ်ဦးမြင်တွေ့ပါကနပန်းလုံးချင်
လောက်အောင်ပင်မုန်းတီးသွားကြလေသည်။

နှစ်တွေကြာလာတော့ဒေါသစိတ်တွေ
အနည်ထိုင်လာကာအရင်ကလောက်
ရင်ထဲမှဆူပူခြင်းသိပ်မရှိကြတော့ပေ။

အချိန်တွေကြာလာသည်နှင့်အမျှ
ဒေါ်ခင်ဖြူလည်းကျန်းမာရေးကတဖြည်းဖြည်းနှင့်
ချို့ ယွင်းလာခဲ့လေသည်။

တစ်နေ့တစ်နေ့ဆိုးရွားလာသည့်
ရောဂါဝေဒနာတို့ကြောင့်သားသမီးများက
ဆေးရုံသို့ပင်ပို့ဆောင်ထားရလေတော့သည်။

ဆေးရုံမှာဝေဒနာအားသက်သာ
ပျောက်ကင်းအောင်ပိုက်ဆံအများအပြား
အကုန်ကျခံကာဒေါ်ခင်ဖြူအားကုသပေး
ခဲ့ကြပေမယ့်။

ပြန်ကောင်းမလာပါပဲအခြေအနေက
အရင်ကထက်ဆိုးလာကာဒေါ်ခင်ဖြူရဲ့
အသက်ပါဆုံးရှုံးခဲ့ရလေသည်။

“အမေ ဟိုဘက်အိမ်ကဘွားတော်ကြီး
ဆုံးပြီတဲ့”

“ဟုတ်လား သားဒီနေ့ဆုံးသွားတာလား”

“ဟုတ်တယ်အမေ ဆေးရုံမှာပဲ
ဆုံးသွားတာတဲ့။
သူတို့နဲ့နီးစပ်တဲ့သားသူငယ်ချင်းက
လှမ်းပြောတာ အလောင်းကိုတော့
ဆေးရုံကနေပြန်သယ်မယ်လို့တော့
ကြားတာပဲ”

“အင်း…စိတ်မကောင်းစရာပါပဲ သားရယ်
ညနေမှအသုဘသွားပြီးမေးလိုက်ဦးမယ်”

“ဟာ အမေကလည်း သားတို့နဲ့မှ
စကားမပြောတာ သွားမေးရင်ကြိုက်ပါ့မလား
သူတို့က”

“သြော်သားရယ် မခေါ်တာခေါ်တာ
အသာထားအိမ်နီးချင်းတွေလေ
မသွားရင်မကောင်းဘူးသားရဲ့။
သာရေးမဟုတ်ဘူးနာရေးဆိုတော့
အမေတို့ဘက်ကဝတ္တရားရှိသေးတယ်လေ
သားရဲ့”

“အင်းပါ အမေ့သဘောပါပဲ
သွားရင်တော့အစ်မကြီးကိုပါခေါ်သွားဦး
အမေတစ်ယောက်တည်းမသွားနဲ့”

“အေးပါသားရဲ့”

မွန်းလွဲအချိန်ခန့်ရောက်တော့
ဒေါ်ခင်ဖြူတို့အိမ်ဘက်မှငိုကြယိုကြသည့်
အသံများဖြင့်ဗြောင်းဆန်နေတော့သည်။

ဆေးရုံမှအလောင်းအားအိမ်သို့
ပြန်သယ်လာသည့်အတွက်ဒေါ်ခင်ဖြူ၏
သားသမီးများနှင့်မြေးများ၏
ငိုယိုသံကအတိုင်းသားကြားနေရလေသည်။

ညနေရောက်တော့ဒေါ်မိတင်လည်း
သမီးဖြစ်သူပွင့်ခိုင်အားခေါ်ကာ
နာရေးအိမ်သို့ရောက်လာခဲ့ကြလေသည်။

“သြော် လေးမိတင်တို့သားအမိပါလား
ထိုင်ပါဦးရှင်”

ဒေါ်ခင်ဖြူ၏သမီးယုနိုင်ကငိုထားသည့်
မျက်နှာကြီးဖြင့်နေရာထိုင်ခင်းပေးလေသည်။

“ဘယ်အချိန်လောက်ကဆုံးသွားတာလဲ
ယုနိုင်”

“မနက်၈နာရီလောက်က
သမီးရယ်အမေ့ရင်ထဲမကောင်းဘူး
ရေလေးတိုက်စမ်းပါဆိုပြီး
အမေကတောင်းတော့ ကျွန်မလည်း
ရေလေးငှဲ့နေတုန်း ချောင်းတစ်ချက်ဆိုးပြီး
အသက်ပါတစ်ခါတည်းပါသွားတာပါပဲ
လေးမိတင်ရယ်
အီး ဟီး ဟီး”

“တရားနဲ့ဖြေပါ ယုနိုင်ရယ်
လေးမိတင်တို့လည်းတစ်ချိန်ကြရင်
ဒီလမ်းကိုသွားကြရမှာပဲမဟုတ်လား
တရားနဲ့ဖြေပြီးစိတ်ကိုထိန်းပါ”

“အခုလိုလာပြီးအားပေးစကားပြောတာ
ကျေးဇူးတင်ပါတယ် လေးမိတင်ရယ်”

“အို…မလိုပါဘူးအေ ငါတို့ကအိမ်နီးချင်း
တွေပဲမဟုတ်လား
အချင်းချင်းရိုင်းပင်းရမှာပေါ့”

“ဟုတ်ပါတယ် လေးမိတင်ရယ်”

နာရေးအိမ်မှာစကားထိုင်ပြောပြီး
ဒေါ်မိတင်တို့သားအမိလည်းအိမ်သို့ပြန်လာ
ခဲ့ကြလေသည်။

ဒေါ်ခင်ဖြူ ရဲ့အသုဘအား
ဒေါ်မိတင်လိုက်လံပို့ဆောင်ပေးခဲ့လေသည်။

နာရေးရက်လည်သည့်နေ့မတိုင်ခင်မှာလည်း
ကူညီလုပ်ကိုင်ပေးခဲ့လေသည်။

ဒေါ်ခင်ဖြူ၏သားသမီးများနဲ့
ဆက်ဆံရေးမှာပြန်လည်အဆင်ပြေလာခဲ့
ကြလေသည်။

နာရေးရက်လည်ပြီးသွားခဲ့လေသည်။

လတွေလည်းကြာခဲ့လေပြီ……
ဒေါ်ခင်ဖြူလည်းဘဝတစ်ပါးသို့ရောက်ရှိ
သွားလိမ့်မည်ဟုအားလုံးက
ထင်မှတ်ထားခဲ့ကြလေသည်။

အမှောင်အတိကျနေသည့်
ညတစ်ညတွင်တော့ဒေါ်ခင်ဖြူ၏သမီးကြီး
မယုနိုင်သည်အိပ်မက်တစ်ခုကို
မြင်မက်လေသည်။

“သမီး သမီးလေး အမေပါ”

“ဟင်…အမေ အမေသမီးဆီလာတယ်”

“ဟုတ်တယ်သမီး အမေ့ကိုကယ်ပါဦးသမီးရယ်
အမေ့မှာသေပြီးကတည်းကအခုအချိန်ထိ
တအောင့်လေးတောင်မနားရသေးပါဘူး
သမီးရယ်။
အမေလုပ်ခဲ့တဲ့အပြစ်ဒဏ်တွေကြောင့်
အမေ့မှာနေ့မနားညမနားအပြစ်ဒဏ်တွေ
ခံနေရပါပြီသမီးရယ်”

“ရှင်…အမေ အမေဘာအပြစ်တွေ
လုပ်မိလို့လဲဟင်…သမီးကိုပြောပြပါ
သမီးအမေ့ကိုကယ်ပါ့မယ်”

“အမေမသေခင်က ဝန်းထရံခတ်တော့
မမိတင်ရဲ့ဝိုင်းဘက်ကိုတိုးပြီးခတ်လိုက်တယ်
မမိတင်ရဲ့မြေတွေပါနေတာကို
သိသိလျက်နဲ့အမေမြေခိုးပြီးခြံစည်းရိုး
ခတ်ခဲ့မိတယ်……
အခုအဲ့ဒီအပြစ်ဒဏ်တွေကြောင့်
အမေ့မှာနေ့မနားညမနားခေါင်းပေါ်မှာမြေတွေ
ရွက်ထားရတယ်သမီးရယ်……

အမေ့ကိုကယ်ပါဦးနော် သမီး
မမိတင်ရဲ့မြေတွေကိုပြန်ပေးပေးပါသမီးရယ်
အမေသွားရတော့မယ်
အိမ်စောင့်နတ်ကအမေ့ကိုထွက်ခိုင်းနေပြီ
အမေ့ကိုကူညီပါနော် သမီး နော်”

“အေမ……”

မယုနိုင်လည်းထိုအိပ်မက်ဆိုးမှ
လန့်နိုးလာခဲ့လေသည်။

“ဘုရား ဘုရား အမေငါ့ကိုအိပ်မက်ပေးပြီး
အကူအညီတောင်းတာပါလား။
အမေ့မှာမြေခိုးတဲ့အပြစ်ဒဏ်တွေ
ခံနေရပါလား……
မဖြစ်ဘူးမဖြစ်ဘူးအမေ့ကိုဒီဘဝကကျွတ်
အောင်ငါအမြန်ဆုံးကူညီမှဖြစ်မယ်”

=================

မနက်လင်းသည်နှင့်မယုနိုင်က
သူ့အိပ်မက်အကြောင်းအားမောင်နှင့်ညီမ
အားပြောပြလိုက်လေသည်။

မောင်နဲ့ညီမဖြစ်သူကလည်း
မိခင်ဖြစ်သူအကြောင်းအားသိသွားသဖြင့်
စိတ်မကောင်းဖြစ်မိကြလေသည်။

ထို့ကြောင့် ဝန်းထရံခတ်စဉ်အခါက
ပြုလုပ်ပေးခဲ့သောကိုတင်မောင်အား
ခေါ်ကာဝန်းထရံအားဒေါ်မိတင်မြေပေါ်မှ
နောက်သို့ဆုတ်ကာဖယ်ပေးခဲ့လေသည်။

တစ်ဆက်တည်းမှာပင် ဘုန်းကြီးငါးပါးအား
ပင့်ကာမိခင်ဖြစ်သူဒေါ်ခင်ဖြူအတွက်
ကုသိုလ်ကောင်းမှုများပြုလုပ်ပေးကြလေသည်။

အလှူအတန်းအားရေစက်ချအမျှဝေ
ခဲ့ကြလေသည်။

“ဒကာမကြီးဒေါ်ခင်ဖြူနှင့်တကွ
အားလုံးကြားကြားသမျှ အမျှ အမျှ အမျှ
ယူတော်မူကြပါကုန်လော့”

“သာဓု သာဓု သာဓု”

==============

“သမီး သမီးလေး”

“ဟင်…အမေ”

“ဟုတ္တယ်သမီး သမီးတို့ကူညီလို့
အမေဒီဘဝကနေကျွတ်လွတ်ရတော့မယ်
အမေ့ရဲ့အမှားကိုသင်ခန်းစာယူပြီး
ဘဝကိုအကောင်းမွန်ဆုံးနေထိုင်ကြပါလို့
အမေနောက်ဆုံးအနေနဲ့မှာခဲ့ချင်တယ်
သမီးရယ်”

“ဟုတ်ကဲ့ပါ စိတ်ချပါအမေ
သမီးတို့အကောင်းမွန်ဆုံးဖြစ်အောင်
နေထိုင်ပါ့မယ်နော်”

“အမေတို့တွေကံမကုန်ရင်သံသရာမှာ
ပြန်ဆုံကြတာပေါ့ကွယ်”

ထိုသို့ပြောပြီးအိပ်မက်မှ
လန့်နိုးလာခဲ့ရပြန်သည်။

ဒီတစ်ခါအိပ်မက်ကတော့
မယုနိုင်အတွက်ပြုံးပျော်မိလေသည်။

သူတစ်ပါးမြေအားမတရားခိုးယူခဲ့သည့်
မိခင်ဖြစ်သူဒေါ်ခင်ဖြူမှာ
ကြီးစွာသောပြစ်ဒဏ်အားလပေါင်းများစွာ
ခံစားခဲ့ရလေသည်။

ယခုထိုအပြစ်ဒဏ်များမှမိခင်ဖြစ်သူ
ဒေါ်ခင်ဖြူမှာ
လွတ်မြောက်သွားပြီဖြစ်သဖြင့်
အခုလိုပြုံးပျော်မိခြင်းဖြစ်လေသည်။

မယုနိုင်အနေဖြင့်ထိုအဖြစ်အပျက်များထဲမှ
သင်ခန်းစာတစ်ခုကိုကောင်းစွာရခဲ့လေသည်။

သူတစ်ပါးမြေအားသူမသိအောင်
မြေတစ်မှုန်ပင်မခိုးမိစေဖို့ သတိကြီးစွာ
ထားရတော့မည်ဖြစ်လေသည်။

ခိုးယူခဲ့မိပါကရလာမည့်အပြစ်ဒဏ်မှာ
မည်သူမှခံနိုင်လိမ့်မည်မဟုတ်ပေ။

ပြီးပါပြီ…………

ဇာတ်လမ်းလေးဖတ်ပြီးပါက
လက်မလေးတွေနှိပ်ပြီးအားပေးခဲ့ကြပါ
နော်။