သားပျောက် (စ-ဆုံး)

Posted on

သားပျောက် (စ-ဆုံး)
————————
လင်ဆိုးမယား တဖားဖား ဆိုတဲ့ စကားကို မိချိုတစ်ယောက်
အခုတော့ သေချာသိလိုက်ရပြီ… ၊ သိလိုက်ရတဲ့အချိန်မှာ နောက်ဆုတ်ရခတ်
ဖြစ်နေပြန်တယ်… ၊ အိမ်ထောင်မှုဆိုတာလည်း ဘုရားတည် ၊ ဆေးမှင်ထိုးသလိုမျိုးလို့
ရှေးလူတွေ ဆိုခဲ့ကြတာ သွေးထွက်အောင်မှန်လွန်းတယ်… ၊ ရိုးသားတဲ့ တောသူပီပီ
အိမ်ထောင်ရေးမှာ အများကြီးမစဉ်းစားမိခဲ့ဘူး… ၊ အရှက်အကြောက်ကြီးသူမို့
ရည်းစားတွေဘာတွေမထားဘူးတော့ အတွေ့အကြုံမရှိတာရယ် သွန်သင်လမ်းပြပေးမယ့်သူထက်
အပေါင်းအသင်းထဲမှာ မြှောက်ပေးကြတဲ့သူကများနေတော့ မိချို…ကိုသက်ဖေနဲ့ အကြောင်းပါခဲ့ရတယ် ၊
ကိုသက်ဖေဆိုတာ ရွာထဲမှာ အော်ကြောလန် … သူမူးလာပြီဆို ဘယ်သူမှလူမထင်အောင်
ရိုင်းဆိုင်းခတ်ထန်တဲ့သူ ၊ မိချိုနဲ့သူတို့ဘယ်လိုညားကြလဲဆိုတာ စဉ်းစားစရာရှိတယ်… ၊
ကိုသက်ဖေက ရွာထဲမှာ လူချမ်းသာမဟုတ်ပေမယ့် လက်လုပ်လက်စား လူလတ်တန်းစားထဲမှာတော့ပါတယ် ၊
တံငါရွာလေးဆိုတော့ ငါးဖမ်း ၊ ပုစွန်ရှာ အလုပ်နဲ့အသက်မွေးကြတဲ့သူတွေပေါ့… ကိုသက်ဖေမှာတော့
ကိုယ်ပိုင် လှေလေးနဲ့ ၊ ရွာထဲက လူတစ်ဝက်ကျော်လောက်က ကိုယ်ပိုင်လှေမရှိကြလို့
ဘေးချင်းကပ်လျက်ရွာကနေ လှေအငှားယူရတယ်လေ… ၊ မိချိုတို့မိဘတွေကလည်း
ထိုနည်းတူစွ… ၊ မိချိုလို ရုပ်ဆိုးပေမယ့် လုံးကြီးပေါက်လှကိုယ်လုံးလေးနဲ့ မိန်းမပျိုကို
ကိုသက်ဖေ တက်မက်မိတာအမှန်ပဲ… ၊ တစ်ရွာတည်းအတူနေတာလည်းဖြစ်
နေ့တိုင်းလိုလိုလည်းမြင်မြင်နေရပြန် .. သူကလည်းအပျို ကိုယ်ကလည်း လူပျိုဆိုတော့
အိုးချင်းထား အိုးချင်းထိသွားတဲ့သဘောနဲ့ သူတို့ အကြောင်းပါခဲ့ကြတယ်ထင်ရဲ့လေ… ၊
တစ်ခြားကြားဖူးနေကြ ဇာတ်လမ်းတွေလို အချစ်ရုပ်ရှင်မဆန်ဘဲ အိမ်ထောင်ပြုဖြစ်ကြသူတွေပေါ့… ၊
အခုတော့ မိချိုတစ်ယောက် သားဦးလေးကို လွယ်ထားပြီးကာမှ နေ့တိုင်းလိုလို
ကိုသက်ဖေရဲ့ အနိုင်ကျင့်တာကို ခံနေရတယ်.. ၊ ငါးရှာအရနည်းပြီးပြန်လာရင်လည်း
မိန်းမဖြစ်တဲ့ မိချိုကို မဲတယ် ၊ ငွေကြေးအဆင်မပြေလည်း မဲ ၊ စိတ်အခတ်မသင့်လည်း မဲ ၊
အရက်မူးလာရင်လည်း မဲတော့တာပဲ…ပိုဆိုးတာက ကိုသက်ဖေက အရင်ကတည်းက
အရက်ကို ရေလိုသောက်တတ်တဲ့သူကြီးမို့….မိချိုအတွက် ယောကျာ်းဖြစ်သူ အိမ်ပြန်လာတဲ့
အချိန်တိုင်း နေ့ရက်တိုင်းက ငရဲခန်းပဲ…..။

“ ကိုသက်ဖေရယ် ကျွန်မ ရှင့်ကြီးခိုးပါတယ်… ရှင့်သားလေးကိုမွေးပြီးမှ
ကျွန်မကို ထုပါရိုက်ပါ သတ်ချင်လည်းသတ်ပါနော်…. အခု ကျွန်မ ကိုယ်လေးလက်ဝန်ကြီးနဲ့
မို့လိုပါ….သနားပါဦးယောကျာ်းရယ်….အဟီး… ”

“ မလိုချင်ဘူး မိချို….ယောကျာ်းဖြစ်သူက တစ်နေကုန် နေပူထဲမှာ
ပင်ပင်ပန်းပန်း ငါးရှာထွက်ရတယ်…နင်ကတော့ အရိပ်ထဲမှာ…အိမ်ထဲနေတာတောင်
ကောင်းကောင်းမနေဘူး…ငါပြန်လာရင် အမောပြေ အရက်နဲ့ မြည်းဖို့
ဘာလေးတွေကြိုက်တတ်တယ်ဆိုတာ နင်သိလျက်သားနဲ့ မပြင်ပေးထားဘူး…
တစ်နေကုန် နင်ဘယ်လင်ငယ်အိမ်သွားနေလဲပြောစမ်း…နင့်ဗိုက်ထဲက
မသာလေးကရော ငါနဲ့ရတာလို့နင်ဘယ်လိုသက်သေပြမှာလဲ မိချို…
နင့်လင်ငယ်နဲ့ဖြစ်ချင်တိုင်းဖြစ်ပြီးမှ သက်ဖေကို နားဖားကြိုးလာထိုးချင်နေတာ
ကောင်မ …သေစမ်း…. ”

သွေးဆိုးတဲ့ ကိုသက်ဖေတစ်ယောက် ပါးစပ်ထဲရှိတဲ့
စကားတွေအကုန် မစဉ်းစားဘဲ ပြောလိုက်ရင်း ခေါင်းထဲမှာ
ရီးဝေနေတဲ့အရှိန်လေးနဲ့ သူတစသက်လုံးနိုင်ချင်တိုင်းနိုင်လို့ရတဲ့
မိန်းမမျက်နာကို လက်ပြန်နဲ့ ဖြတ်ရိုက်ပစ်လိုက်တယ်…

“ ဖြောင်း ”

“ အား…. ”

မိချို ပါးစပ်ထဲက သွေးစတစ်ချို့ကျလာတယ် ၊ သွေးစတွေနဲ့အတူ မျက်လုံးထဲက
တာကျိုးသလို ပြိုဆင်းလာတဲ့ မျက်ရည်တွေကလည်း မိတ်ဖက်လိုပါပဲ… ၊ သူတို့လင်မယား
ရန်ဖြစ်တယ်လို့ ပြောဖို့လည်းမဖြစ်နိုင်…တကယ်ဆို ကိုသက်ဖေအတွက် မိချိုက နှပ်စက်ခံဖို့
မွေးဖွားလာသူတစ်ယောက်လိုပါပဲ ၊ ပတ်ဝန်းကျင်က မိချိုအပေါ် ဂရုဏာထားချင်ကြပေမယ့်
ယောကျာ်းဖြစ်သူကို ကြောက်ကြလို့…ရှောင်ကြတယ်…မိချိုအနှိတ်စက်ခံရလည်း
ဘယ်သူမှဝင်မပါရဲကြဘူး…မိချိုမိဘတွေကအစ ရွာလူကြီးအဆုံးပေါ့…. ။

ချစ်လို့ကြိုက်လို့ ယူထားပြီးကာမှ ဒီလိုဖြစ်လာလိမ့်မယ်လို့
မိချို အိပ်မက်တောင်မက်ခဲ့ဖူးမယ်မထင်ဘူး… ၊ ကိုသက်ဖေနဲ့စတွေ့တုန်းက
ကိုသက်ဖေက မိချိုအတွက် အားကိုးစရာကောင်းလောက်တဲ့ ယောကျာ်းပီသသူကြီးပေါ့ ၊
လူတစ်ယောက်ကို သစ်သီးတွေလို အခွံလေးလှတာကို မြင်ပြီး ရွေးချယ်မိခဲ့တဲ့
ကိုယ့်ဘာကိုယ်ပဲ မိချို အပြစ်တင် နောင်တရနေမိတယ် ၊ နေ့တိုင်း ညတိုင်း
နာကျင်မှုတစ်ခုခုမခံရဘဲ မငိုရဘဲ စိတ်မဆင်းရဲရဘဲ အိပ်ရတယ်လို့ကိုမရှိခဲ့ဘူး…
ရှိခဲ့တယ်ဆိုရင်လည်း မိချိုအတွက် အဲ့ဒီအချိန်က နိဗ္ဗာန်ဘုံ…. ။

“ အရှင်ဘုရား…တပည့်တော်မ ဘဝဆက်တိုင်း
ဒီလို လူယုတ်မာနဲ့ မဆုံပါရစေနဲ့အရှင်ဘုရား…. ”

ညအိပ်တိုင်း သူတို့တဲငယ်လေးအတွင်းက
အိပ်ယာထဲကနေ ကိုသက်ဖေကြားသွားမှာစိုးလို့
တိတ်တိတ်လေး စိတ်ထဲမှာတောင် ကျယ်ကျယ်မပြောရဲခဲ့တဲ့
မိချိုရဲ့ဆုတောင်းသံလေးပေါ့…. ၊ ဝဋ်ကြွေးရှိသမျှ ဒီဘဝမှာ အကုန်ဆပ်သွားမယ်ဆိုတဲ့စိတ် ၊
မွေးလာမယ့် ကလေး လူ့လောကကိုရောက်လာပါစေ… ၊ မိဘမဲ့မဖြစ်ပါစေနဲ့ဆိုတဲ့စိတ်တွေနဲ့
မိချိုကြိုးစားအသက်ရှင်နေရတာလေ… ၊ သူမအတွက်တော့ နေ့ရက်တိုင်းက ခါးသီးစေတယ် ၊
ညမိုးချုပ်မှာတောင် သူမကြောက်နေမိတယ်… ၊ ကိုသက်ဖေဘယ်လိုအငြိုးတွေနဲ့
သူမအပေါ်ရက်စက်နေသလဲဆိုတာ သူမတကယ်မသိခဲ့… ။

ကိုသက်ဖေဘက်ကကြည့်မယ်ဆိုရင်လည်း ကိုယ်တိုင်က လူကြမ်းကြီး
သွေးဆိုးတဲ့အပြင် အရင်ဝင်သွားရင်ပိုဆိုးတတ်တယ်… ၊ တစ်ခါတစ်လေအသိစိတ်ပျောက်တဲ့အထိပဲ
ကိုယ့်ဘာကိုယ်လည်း မကောင်းမှန်းသိပေမယ့် အကျင့်ကိုဘယ်တော့မှမပျင်ဘူး ၊
အထူးသဖြင့် အရက်ဖြတ်လိုက်ရင် ပိုကောင်းလာမှာသိပေမယ့် အရက်ဆိုတာ
သူ့ရဲ့အချစ်ဦးလေ… ၊ မိချိုဆိုတဲ့ အိန်းကလေးကိုသူတကယ် မေတ္တာရှိတာထက်
အပေါင်းအသင်းတွေက တွန်းအားပေးလို့ ခန္ဓာကိုယ်လေးတစ်ခုကြည့်ပြီး
ပေါင်းသင်းဖြစ်ခဲ့တယ် ၊ ယူပြီးတဲ့အထိအေးအေးဆေးဆေးပဲ မိချိုကလည်း
မယားကောင်းပီသတယ် ဘာမှအပြစ်ပြောစရာမရှိဘူး…နောက်များကြတော့
လင်ယောကျာ်းအပေါ် ကွက်တိကွက်ကျားလေး ပျက်ကွက်တာတွေရှိလာတယ် ၊
မနက်ခင်းအလုပ်သွားပြီးအရက်ဆိုင်ရောက်ရင်လည်း အရက်သမားသူငယ်ချင်းတွေက
စသလိုနောက်သလိုနဲ့ သွေးထိုးကြသေးတယ်… ။

“ ဟေ့ကောင် နွားကြီး မင်းမိန်းမက ဘာလို့အဲ့လောက်ကိုယ်လုံးလှနေလဲသိလား..
မင်းရှေ့ကလူ ပုံသွင်းပေးထားလို့ပေါ့ကွ..ဟားဟားဟားဟား ”

“ မောင်သက် မင်း မိချိုကို သတိထားကြည့်မိလား
ဒီရက်ပိုင်းခြေလှမ်းတွေမှန်ရဲ့လား ကိုယ့်လူက တစ်နေကုန်အလုပ်လုပ်နေပေမယ့်
အိမ်ကမိန်းမက အိမ်မှာ တစ်နေကုန် သူတစ်ယောက်တည်းနေနေတယ်ဆိုတာရော
ဖြစ်နိုင်ရဲ့လား ဟားဟား ”

အမှန်က ဒီလိုပဲ စနောက်လိုက်ကြတာဆိုပေမယ့်
နေ့တိုင်းလိုလို ပြောပြောလာကြတော့ အမူးသမားမူးတုန်းပြောတဲ့စကားက
အမှန်တရားဆိုပြီး ကိုသက်ဖေလက်ခံထားလိုက်ပြီး မိန်းမရဲ့ခြေလှမ်းတွေကို
စုံစမ်းတယ် တစ်နေက အလုပ်သွားချင်ယောင်ဆောင်ပြီး အိမ်နားကို ခိုးခြောင်းကြည့်ဖြစ်သေးတယ်… ၊
မိချိုကံဆိုးချင်လို့ထင်ရဲ့ တစ်နှစ်တစ်ခေါက် လာခဲတဲ့ ဟိုဘက်ရွာက ကာလသားတစ်ယောက်က
မိချိုအိမ်ထဲဝင်သွားပြီးလေးငါးနာရီလောက်ကြာမှ ပြန်သွားတာကို မြင်လိုက်ရတယ်လေ… ၊
ကိုသက်ဖေကိုယ်တိုင်က အထင်လွဲနေရာကပိုသေချာသွားတဲ့အထိဖြစ်သွားပြီး
ဒီကိစ္စကို ဘယ်သူ့ကိုမှမပြောဘူး..မိချိုကိုလဲ မပြောဘဲနဲ့ အဲ့နေ့ကစပြီး
သူ့ကို နွားလုပ်တဲ့မိချိုကို မိန်းမယုတ်လို့သဘောထားပြီး နေ့တိုင်းနှိပ်စက်တော့တာပဲ… ၊
သူမြင်လိုက်တဲ့ဖြစ်ရပ်ရဲ့နောက်ကွယ်ကအမှန်တရားစစ်စစ်က မိချိုနဲ့တစ်ဖက်ရွာကငယ်သူငယ်ချင်းက
သူတို့ရွာဘက်ကို ကိစ္စတစ်ခုနဲကရောက်တုန်း သူငယ်ချင်းအိမ်ထောင်ကျသွားတာကိုကြားလို့
အိမ်လာလည် …မတွေ့တာကြာလို့ စကားတွေပြောပြီး ပြန်သွားတာ…သူတို့နှစ်ယောက်သား
ငါးရာနှစ်ဆယ့်ရှစ်အပြင် မပိုခဲ့ကြတာ အိမ်စောင့်နတ်ကိုယ်တိုင်သိနိုင်ပါရဲ့… ၊ ဒါပေမယ့်…. ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မိချိုအတွက် ကံဆိုးမယ့်နေ့ရက်ကတော့
မခေါ်ဘဲ ရောက်ခဲ့ပြီ… ။

တစ်နေ့ ထုံးစံအတိုင်း သက်ဖေတစ်ယောက် မူးမူးနဲ့ပြန်လာပြီး
အိမ်ရောက်တာနဲ့ မိချိုကို ဆဲဆိုကြိမ်းမောင်းရင်းထုံးစံအတိုင်း ရိုက်နှက်တော့တာပဲ

“ ကိုသက်ဖေရယ် ကျွန်မတို့သားအမိကိုသနားပါဦး…. ”

“ အယုတ်တမာ မ နင့်ကိုငါကဘာလို့သနားရမှာလဲ ကဲကွာသေစမ်း ”

မိချိုမျက်နာကိုလက်သီးနဲ့ပစ်ထိုးလိုက်တော့ မိချို ကြမ်းပြင်ပေါ်ပစ်လဲကျသွားတယ်
မိချိုလဲသွားတုန်း အပိုင်ပဲဆိုပြီး မိချိုကိုယ်လုံးကို ခြေထောက်နဲ့ဆောင့်ကန်ပစ်လိုက်တယ်

“ ကိုသက်ဖေ…မလုပ်နဲ့…မ…မ.. ”

“ ကဲကြာ…. ”

“ အ….. ”

မိချိုတားစီးချိန်တောင်မရလိုက်ဘဲ အသံတစ်ချက်ထွက်ပြီး
ငြိမ်ကျသွားတော့တယ်… ၊ ကိုသက်ဖေ မူးမူးနဲ့ မမြင်မစမ်းကန်လိုက်တဲ့နေရာက
မိချိုရဲ့ ကိုယ်ဝန်လွယ်ထားတဲ့ ဗိုက်နေရာဖြစ်နေတယ်… ၊ မိချိုတစ်ယောက်ငြိမ်သွားပြီးတော့
ကြမ်းခင်းမှာလည်း သွေးတွေ မိချိုကိုယ်ထဲကနေ တစိမ့်စိမ့်ထွက်လာတော့တယ် ၊
အဲ့ဒီ့အခါမှ ကိုသက်ဖေလည်း သွေပျက်သွားပြီး မိချို ကို
ခြေထောက်နဲ့ ဖြည်းဖြည်း ကန်ကန်ရင်းခေါ်လိုက်တယ် …

“ မိချို…ဟဲ့..ဟဲ့…မိချို ထစမ်း…ထစမ်းလို့ငါပြောနေတယ်လေ…မိချို့ ဟဲ့…
မိန်းမ….မိချို…. ဟာ… ”

ခေါ်မရတော့မှ တစ်ခုခုကိုနားလည်သွားပြီး အမူးတွေလည်းပြယ်သွားတဲ့အပြင်
ပတ်ဝန်းကျင်ကလူတွေကိုအော်ဟစ်အကူအညီတောင်းတော့ အိမ်နီးချင်းတွေချက်ချင်းရောက်လာကြတယ်
ရောက်လာပြီးနောက်တော့ ရွာထဲက သမားတော်လည်းရောက်လာတယ် ၊ စမ်းသပ်ကြည့်တော့
မိချိုတစ်ယောက် အသက်မရှိတော့ဘူးဆိုတာ သိလိုက်ရတယ်… ၊ ကိုသက်ဖေလည်း ပတ်လက်လန်ကျသွား
တော့တယ် ၊ သူအဲ့ဒီ့လောက်အထိမရည်ရွယ်ခဲ့ပေမယ့် မိချိုကတော့ တကယ်သေသွားခဲ့ပြီ… ၊
မိချိုသေပြီ..မိချိုသေသွားပြီ….. ၊ အဲ့ဒီအချိန်က နယ်တွေရွာတွေအထိ ဥပဒေက နိုင်နိုင်နင်းနင်း
မစိုးမိုးနိုင်သေးတဲ့အချိန်မို့ သေမှုသေခင်းတွေဘာတွေမရှိခဲ့ဘူး… ၊ ဖြစ်စဉ်မှန်သမျှ ကိုသက်ဖေ
ဇာတ်လမ်းထွင်ပြီး မိချိုတစ်ယောက် မူးတယ်မူးတယ်အော်ပြီး လဲကျတဲ့အခါ ဗိုက်နဲ့ကျပြီးတော့
အသက်ပါသွားတယ်လို့ပြောခဲ့တယ် ၊ ပတ်ဝန်းကျင်ကလည်းသိနေပေမယ့် ကိုသက်ဖေကို
ကြောက်လို့ ဝင်မပြောရဲကြဘူး… ၊ မိချိုသေဆုံးမှုအတွက်တော့ မတရားခဲ့ဘူး ။

သူတို့ရွာမှာက ဗုဒ္ဓဘာသာအပြင် ဟိန္ဒူဘာသာဝင်တွေလည်းတော်တော်များများနေကြတဲ့ရွာလေး ၊
ညဘက်ကြီး ဗိုက်ကြီးသည်တစ်ယောက်ဆုံးသွားတယ်ဆိုတာ ရွာနာတယ်လို့
အများက သတ်မှတ်ကြတယ်…. ၊ ရွာအယူအဆနဲ့အတူ ညတွင်းချင်းပဲ အသုဘကိစ္စကို
တစ်ရွာလုံးဝိုင်းပြီးပြင်ဆင်ကြတယ် ၊ အလောင်းကိုညတွင်းချင်းရွာအပြင်ထုတ် ၊ ကမ်းနားက
သုသာန်မှာ ထင်းတွေလောင်စာတွေပုံပြီး အလောင်းကို မီးသဂြိုလ်ကြတာပေါ့… ၊
ရွာသားတွေက ဗဟုသုတမရှိကြတော့ ကိုယ်ဝန်ဆောင်တစ်ယောက်ကို မီးသဂြိုလ်ရင်
ဗိုက်ထဲက ကလေးကို ခွဲထုတ်ပြီးမှ သဂြိုလ်ရတယ်ဆိုတာ နားမလည်ကြဘူး… ၊ ဒီတော့
မိချိုကို ဒီအတိုင်း မီးသဂြိုလ်လိုက်ကြတယ် ၊ အဲ့လို မီးသဂြိုလ်နေတုန်းမှာပဲ မိချိုအလောင်းကို
မီးတွေလှိုက်လောင်နေရင်းက ဗိုက်နားကိုလည်းမီးလောင်လာရော…မိချိုဗိုက်ကြီးက
ဖုန်း….ဆိုတဲ့ အသံကြီးနဲ့ ……….. ပွင့်ထွက်လာပြီး
အူတွေ ကလီစာတွေနဲ့အတူ ဗိုက်ထဲကကလေးကလည်း
သချိ ၤုင်းဘေးနားက ချောင်းထဲကိုလွင့်ထွက်သွားတယ်…
ကလေးအလောင်းကတော့ ချောင်းရေစီးအတိုင်းပါသွားတော့ ဘယ်လိုမှလိုက်ကောက်လို့
မရခဲ့ကြဘူး… ၊ အလောင်းစင်ပေါ်မှာတော့ မီးတွေတောက်လောင်နေတဲ့
ဗိုက်ကြီးသည် မိချိုအလောင်းကောင်ကြီးက ဆန့်ဆန့်ကြီးလှဲနေတယ်… ၊
အဖြစ်အပျက်ကို ဝိုင်းကြည့်နေရင်းအတိုင်းသားမြင်နေရတဲ့ရွာသားတွေက
ကြောက်လည်းကြောက် မိချိုကို သနားလည်းသနားဂရုဏာသပ်မိနေကြတုန်း
မိချိုအလောင်းကြီးက ဆက်ခနဲ့ ကောက်ထိုင်လာပါလေရော…အဲ့လိုထထိုင်တာနဲ့
ကြည့်နေတဲ့သူတစ်ဝက်ကျော်ကျော်လောက်က အော်ပြီးတော့ ရွာထဲဝင်ပြေးသွားကြတယ်.. ၊
အမှန်စင်စစ်က လူသေအကြောဆန့်ပြီး ထထိုင်တဲ့သဘောတစ်ခုပါပဲ… ၊
ဒါမှမဟုတ်…မိခင်တစ်ယောက်က သူ့ကလေးကိုလိုက်ရှာဖို့ ဟန်ပြင်နေတာလည်းဖြစ်မှာပေါ့ ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မိချိုဆုံးပြီး ပထမနေ့…

“ ညိုထွေး…နင်းတို့သိပြီးပြီလား ”

“ ဘာတုန်းဟ ”

“ မိချိုလေ…ဗိုက်ကြီးသည်မိချို…သူ့ကိုမီးသဂြိုလ်တုန်းက
ဗိုက်ပေါက်ပြီး ဗိုက်ထဲက ကလေးအသေလေးကချောင်းထဲလွင့်ပါသွားတော့
အစိမ်းသေဖြစ်နေရာက သူ့သားဇောနဲ့ မကျွတ်ရှာဘူး… ”

“ မိချိုသနာပါတယ် ”

“ ဟယ်ကြောက်စရာကြီး ”

တစ်ယောက်တစ်ပေါက်မှတ်ချက်ပေးနေကြတုန်း
အပျိုတစ်စုထဲက တစ်ယောက်ကထမေးလိုက်တယ် ။

“ ဒါနဲ့နေပါဦး မိချိုမကမတ်တာကို နင်က ဘယ်လိုသိတာလဲ ”

“ သိတာပေါ့ဟ ငါအဲ့နေ့ညက မိချိုကို သဂြိုလ်ပြီးပြီးချင်း
ကိစ္စတစ်ခုနဲ့ ဟိုဘက်ရွာဘက်ကို အရီးလေးနဲကအတူဖော်လိုက်ပေးပြီး
ပြန်လာတော့ ညတော်တော်နက်နေပြီ…အဲ့မှာ သချိ ၤုင်းကို ဖြတ်ပြီးတဲ့အထိ
ဘာမှမဖြစ်သေးဘူး ခွေးလည်းမအူဘူးအေးဆေးပဲ…နင်တို့သိတဲ့အတိုင်း
တို့ရွာသချိ ၤုင်းက အခြောက်အလန့်ရှိတာမှမဟုတ်ဘဲလေ… ”

“ အေးလေ…ဆက်ပါဦးဟယ်… ”

“ ဒီလိုဟ..အဲ့ဒီ့ရွာသချိ ၤုင်းနားရောက်တော့ မိချိုကို သဂြိုလ်ထားတာမကြာသေးလို့ထင်တယ်
အသားကင်ညှော်နံ့ကြီးရတယ်…အဲ့အထိငါတို့မကြောက်သေးဘူး… ၊
ပတ်ဝန်းကျင်ကလည်း သိပ်မမှောင်းဘူး.ရွာနဲ့လည်းကပ်နေတော့ သိပ်မကြောက်ဘူးအားရှိသေးတယ်…
နောက် ရွာအဝင်နားက ကျောင်းဝင်းနားလည်းရောက်ရော ငါရော အရီးလေးရော
ကျောချမ်းသွားသလိုခံစားလိုက်ရတာနဲ့ ပြိုင်တူ အနောက်လှည့်ကြည့်တော့
ဘယ်သူမှမတွေ့ဘူး… ၊ စိတ်ထဲမသင်္ကာဖြစ်တာနဲ့ ပတ်ဝန်းကျင်ဝေ့ကြည့်တော့မှ
အမလေး…ပြောရင်းတောင်ကြက်သီးထတယ်…ငါတို့မြင်လိုက်ရတာ
ရွာကျောင်းခြံစည်းရိုး အုတ်တိုင်ပေါ်မှာ ဆောင့်ဆောင့်ကြီးထိုင်နေတဲ့
မိချို….ဆံပင်ဖားလျားကြီးနဲ့ …အသက်အက်ကွဲကွဲကြီးနဲ့
လှမ်းပြောသေးတယ်… ငါ့သားလေးကိုပြန်ရှာပေးပါ.. တဲ့…
ငါလည်းတစ်ခါတည်းသုတ်ခြေတင်ပြေးတာ ရွာထဲတန်းနေတာပဲ
အနောက်က အရီးလေးပါလာလား မပါလာလားတောင်မသိတော့ဘူး..
ငါအိမ်ပြန်ရောက်ပြီးမကြာဘူး…ငါ့အရီးလေးကအနောက်ကပါလာတယ် ၊
အရီးက ခါတိုင်းဆိုရင်တုန်တုန်ယင်ယင်နဲ့ အခုများပြေးလာတာ
ဘယ်လိုရောက်လာမှန်းမသိဘူး…. ”

“ ဟာ… ”

“ ဟင်… ”

“ နင်ပြောတာတကယ်ပဲလား ဝိုင်းချစ် ”

“ နင်တို့ကို လိမ်ပြောလို့ ငါ့အတွက်ဘာအကျိုးရှိမှာလဲ…
မယုံရင်အိမ်ပေါ်မှာ ငါ့အရီးလေးရှိတယ် သွားမေးကြည့်ကြ… ”

ဝိုင်းချစ်တို့ မိချိုသရဲမနဲ့ကြုံခဲ့တဲ့အကြောင်းက
သတင်းဖြန့်ဖြူးရေးမှာ အမြန်ဆုံးဖြစ်တဲ့ ရွာထဲကအပျိုမိန်းကလေးတစ်သိုက်
ကြောင့် နာရီပိုင်းအတွင်း ရွာငယ်လေးတစ်ခုလုံးပြန့်သွားခဲ့တယ်… ၊
နောက်ရက်တွေမှာလည်း မကြာမကြာ အဲ့လိုသတင်းတွေကြားနေကြရလို့
တစ်ရွာလုံးချောက်ချားနေကြတယ် ၊ တစ်ချို့က အမှန်အတိုင်းပြောသလို
တစ်ချို့က လေတိုးသံကိုတောင်သရဲမငိုသံဆိုပြီးချဲ့ကားပြောကြတယ်
ဒါပေမယ့် တကယ်ကြုံခဲ့ဖူးတဲ့သူတွေထဲမှာ အဆိုးဆုံးကြုံရတဲ့သူတစ်ယောက်လည်း
ရှိသေးတယ်…သူ့နာမည်က ကျော်ဆန်းဌေး …. ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျော်ဆန်းဌေးလို့ပြောလိုက်တာနဲ့ ကလေးကအစ ခွေးအဆုံး
တစ်ရွာလုံးသိကြတယ်.. ၊ ဘာလို့လဲဆိုတော့ သူက ရွာကျောင်းမှာ ကျောင်းစောင့်လုပ်တဲ့သူမို့လို့လေ ၊
ကျောင်းတံခါးအဖွင့်အပိတ် ၊ ကျောင်းလုံခြုံရေးအပြင် တစ်ခြားကျောင်းနဲ့ပတ်သတ်ပြီးလိုအပ်သမျှကို
ကျော်ဆန်းဌေးတစ်ယောက်ပဲတာဝန်ယူထားရတယ် ၊ ကျော်ဆန်းဌေး ဆိုလို့လူငယ်မထင်နဲ့
အသက်ကလေးဆယ်ကျော်နေပြီ သူ့မှာ မိသားစုလေးလည်းရှိတယ်… သူနဲ့သူ့မိသားစုလေးက
ရွာကျောင်းလေးမှာ ကျောင်းစောင့်အနေနဲ့ကျောင်းဝန်းထဲမှာပဲ အိမ်လေးဆောက်ပြီးနေကြရတယ် ၊
ရွာကျောင်းဆိုပြီးအထင်မသေးလိုက်နဲ့ဦး…သူတို့ရွာလေးက ရွာသားတွေညံ့လို့ ဗဟုသုတသနည်းကြတာ…
တစ်ရွာလုံးမှာ ရွာဂုဏ်တင့်စေတဲ့နေရာလို့ဆိုရလောက်တဲ့ ရွာကျောင်းကြီးကတော့ ကြီးကျယ်ခန်းနားလို့ ၊
အနီးအနားကရွာတွေကအစ ပညာရေးနဲ့ပတ်သတ်ပြီး အထက်တန်းအဆင့်အထိသင်ပေးနိုင်တဲ့
သူတို့ရွာကျောင်းကို တကူးတကလာတက်ကြရတယ်လေ… ၊ ကျောင်းကြီးထဲမှာအဆောင်တွေများပြီး
အပင်ကြီးအပင်ငယ်အရိပ်အောက်မှာ ခန့်ခန့်ကြီးတည်ဆောက်ထားတယ် ၊ အဲ့ဒီကျောင်းကြီးကလည်း
သရဲခြောက်တဲ့နေရာမှာ နာမည်ကြီးပဲ နာမည်ကြီးဆို ကျောင်းကြီးကရှေးဟောင်းကျောင်းကြီးလို့သိရတယ် ၊
နှစ်ပေါင်းမနည်းတော့ဘူးဆိုပဲ…နှောင်းလူတွေက ပြန်ပြန်ပြုပြင်ထိန်းသိမ်းရင်းနဲ့ အခုလောက်ထိ
ကြာရှည်ခံနေတာပေါ့….ကျောင်းကြီးသရဲခြောက်တယ်ဆိုပြီးနာမည်ကြီးတဲ့အထဲက
ဝင်ပူးပြီးချောက်လန့်တာအဆိုးဆုံးပဲ… ၊ တစ်နှစ်ကိုတစ်ခါ ဟိန္ဒြူနည်း ၊ ဗုဒ္ဓဘာသာနည်းတွေနဲ့
ကျောင်းထဲမှာ ကုသိုလ်လုပ်ပွဲတွေ အကျွတ်အလွတ် အန္တရယ်ကင်းပွဲတွေ အမြဲလုပ်ပေးရတယ် ၊
အဲ့လိုတွေလုပ်ပေးတဲ့ကြားကပဲ တစ်နှစ်ကို သုံးလေးခါလောက် ကျောင်းခန်းတွေထဲမှာ
ကျောင်းသူတွေကို ဝင်ပူးပြီး ငိုယိုတာတို့ ၊ လူမရှိတဲ့အခန်းတွေက ခုံရွှေ့သံတွေကြားရတာတို့ ၊
ထုရိုက်သံတွေကြားတာတို့ ၊ တစ်ခါတစ်လေ အရိပ်တွေမြင်တာတို့ဖြစ်နေဆဲပဲ… ၊
ကျော်ဆန်းဌေးတို့မိသားစုအတွက် ဒီအဖြစ်တွေက အဆန်းမဟုတ်တော့ပေမယ့်
တစ်ရွာလုံးကတော့ အဲ့ဒီကျောင်းဘက်ကို မှောင်လာရင်သိပ်မလာကြတော့ဘူး… ။

ကျော်ဆန်းဌေး အကြောင်းဆက်ပြောပြရမယ်ဆို ကျော်ဆန်းဌေး က
ကျောင်းစောင့်အလုပ်အပြင် သူ့မိသားစုအပိုဝင်ငွေရအောင် ဆိုက်ကားနင်းတဲ့အလုပ်လည်းလုပ်တယ် ၊
ကျောင်းပိတ်ရက်တွေ ၊ အလုပ်ပါးတဲ့နေ့တွေ ၊ ညဘက်အချိန်တွေမှာ ဆိုက်ကာနင်းဖြစ်တယ်… ၊
ရွာက အရမ်းခေါင်တဲ့ရွာမဟုတ်တော့….ဆိုက်ကားတွေ ဆိုင်ကယ်တွေစီးကြတယ် ။

တစ်နေ့ ကျော်ဆန်းဌေးတစ်ယောက် ညဘက်ဆိုက်ကားနင်းပြီး
ည ဆယ့်တစ်နာရီလောက်…သီချင်းလေးညည်းပြီးဆိုက်ကားပြန်သိမ်းလာရင်း
ကျောင်းဝင်းထဲပြန်ဝင်လာတုန်း ကျောင်းဝင်းထဲမှာ ထူးထူးဆန်းဆန်းသာမန်ထက်ပိုပြီး
ခွေးအူသံတွေကြားနေရတော့ တစ်ချက်အံ့သြသွားမိပြီး ကြက်သီးထမိတာအမှန်ပဲ… ၊
နောက်တော့ ကိုယ့်ကြောက်စိတ်ကိုယ်ပြန်ဖြေလိုက်ရင်း ဟိုဒီကြည့်နေတုန်း သူ့ရှေ့မှာရှိတဲ့
ကုက္ကိုပင်ကြီးပေါ်ကနေ တစ်စုံတစ်ခုက တစ်လှုပ်လှုပ်နဲ့ ဆင်းလာတာကိုမြင်လိုက်တယ်
ထူးဆန်းနေတဲ့မြင်ကွင်းဆိုတော့ ကိုကျော်ဆန်းဌေးလည်း ဆိုက်ကားပေါ်ကဆင်းပြီး
သေချာကြည့်နေမိတယ်….ပိုသေချာအောင် လက်ထဲက ငါးထောင့်ထိုးဓါတ်မီးနဲ့ထိုးကြည့်လိုက်တော့
ကုက္ကိုပင်ကြီးပေါ်ကနေ ဆင်းလာတာက သူထင်သလိုအကောင်မဟုတ်ဘူး…… မိန်းမတစ်ယောက်
ဆံပင်ဖားလျားကြီးနဲ့ ဗိုက်ကြီးကပွင့်ပြီးအူတွေသွေးတွေထွက်နေတယ် ၊ လူတစ်ယောက်မတ်တပ်ရပ်ပြီး
လမ်းလျှောက်နေသလိုမျိုး အဲ့ဒီ့မိန်းမက ဇတ်ကြီးကျိုးကျနေသလိုခေါင်းကြီးမော့ရင်း
နောက်ပြန်ကြီး ဆင်းလာနေတာကို တွေ့လိုက်ရတယ် …. ၊ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်
ခြေတုန်လက်တုန်ဖြစ်ပြီး ခြေထောက်တွေတုန်နေရာက ပြေးဖို့အားတောင်မရှိတော့ဘဲ
နေရာမှာတင်ခွေကျသွားတော့တယ်….တစ်ဆက်တည်းမှာပဲ လက်ထဲကဓါတ်မီးကလည်း
ပစ်ကျသွားပြီး မီးမှိတ်သွားတော့တယ်…နှာခေါင်းထဲမှာ မီးနေသည် စနွင်းနံ့နဲ့
အပုတ်နံ့ဆိုးဆိုးကြီးတစ်ခုကိုပြိုင်ရလိုက်တယ် ကိုကျော်ဆန်းဌေးတစ်ယောက်
မျက်လုံးပြူးမျက်စံပြူးနဲ့ ကြောက်စိတ် ထိပ်ဆုံးကို ရောက်နေပြီး အားကိုးဖြစ်တဲ့
ဓါတ်မီးကို အမှာင်ထဲမှာ တုန်ယင်နေတဲ့လက်နဲ့ လိုက်စမ်းနေမိတယ်…
ဓါတ်မိးကိုလည်းစမ်းမိရော ချက်ချင်း သူ့အရှေ့ကို ထိုးကြည့်လိုက်တော့
သူ့မျက်နာနားမှာ ဆံပင်ဖျားလျားကြီးနဲ့ မီးလောင်ပြီးစုတ်ပြတ်နေတဲ့မိချိုမျက်နာကြီးကို
မီးရောင်ထဲမှာ မြင်လိုက်ရတယ်….မြင်မြင်ချင်းမှာပဲ မိချိုကစကားပြောသေးတယ်

“ သားလေ…ကျွန်မသားလေ…ကျွန်မသားလေးကိုရှာပေးကြပါ ပြန်ပေးကြပါ… ”

သရဲမ မိချိုရဲ့ အသံအက်ကွဲကြီးနဲ့အတူ ဆံပင်ဖားလျားနဲ့ရုပ်ပျက်ဆင်းပျက်
မျက်နာကြီးကိုပါ ကပ်ကပ်လေးမြင်လိုက်ရတဲ့ ကိုကျော်ဆန်းဌေး…နှလုံးသွေးရပ်မတပ်
ဖြစ်သွားပြီး ရှိသမျှအားနဲ့ အားယူထလိုက်ရင်း အနီးအနားက ကျောင်းစောင့်အတွက်ဆောက်ပေးထားတဲ့
သူ့အိမ်လေးထဲပြေးဝင်သွားလိုက်မိတယ်…အိမ်ထဲရောက်တာနဲ့ သွေးရူးသွေးတန်းဖြစ်နေပြီး
တရှူးရှူးတရှဲရှဲနဲ့ အိမ်ထဲမှာ လျောက်အော်နေပါလေရော

“ သရဲမကြီး…မိချို…သူ့ကလေးကိုလိုက်ရှာနေတယ်…
အား..သရဲမကြီး…အား..ဗိုက်ကြီးပွင့်နေတယ်… ”

ကိုကျော်ဆန်းဌေး ပြာယာခတ်ပြီး ပါးစပ်က ပေါက်ကရတွေပြောနေတော့
သူ့ကိုနားမလည်သလိုမျက်လုံးတွေနဲ့ကြည့်နေကြတဲ့ မိန်းမနဲ့သားသမီးတွေက
ဝိုင်းပေးကြတယ်…

“ ကိုကျော် ဘယ်မှာလဲ မိချိုသရဲမ….ကလေးတွေကြောက်အောင်
မလုပ်စမ်းနဲ့ကိုကျော်ရာ လာလာ ရေမန်းလေးလောက်လိုက်
စိတ်ကိုငြိမ်အောင်ထားပါကိုကျော်ရယ် ”

“ ဖေဖေ ဘယ်မှာလဲသရဲ သမီးကြောက်တယ် ”

ဘယ်သူတွေဘာပြောပြော ကြောင်စီစီမျက်ဝန်းတွေနဲ့
နားမဝင်သလိုလိုက်ကြည့်နေရင်းနောက်ဆုံးသမီးအငယ်ဆုံးလေးပြောတဲ့စကားကို
အသေအချာနားထောင်သလိုလုပ်ရင်း ကျော်ဆန်းဌေး တစ်ယောက်
ကြောင်တောင်တောင်ကြီးဖြစ်နေရင်းက အိမ်နံရံမှာချိတ်ထားတဲ့ ဓါးကိုပြေးဆွဲလိုက်ရင်း

“ မကြောက်နဲ့သမီး…မကြောက်နဲ့…သားလေးတို့ မိန်းမ…
ဘယ်သူမှမကြောက်ကြနဲ့ ဖေဖေရှိတယ်….အဲ့သရဲမနဲ့ဖေဖေတွေ့မယ် ”

အားလုံးက ကျော်ဆန်းဌေး ရဲ့ လုပ်ရက်ကို နားမလည်သလို
ကြည့်နေကြတုန်းမှာပဲ ကျော်ဆန်းဌေး က အိမ်ထဲကနေ ဓါးဆွဲထုတ်ပြီး အိမ်အပြင်ကိုထွက်သွားတော့တယ်
အိမ်အပြင်ရောက်တော့ ကြောက်စိတ်ကြောင့် တုန်ယင်နေတဲ့ အသံကြားက
မိသားစုကိုကာကွယ်ရမယ်ဆိုတဲ့အသိ…သားသမီးတွေရှေ့မှာ ရဲရင့်ပြရမယ်
သားသမီးတွေ အားမငယ်အောင် မားမားမတ်မတ်ရပ်ပြရမယ်ဆိုတဲ့အတွေးနဲ့ထင်ပါရဲ့
ကြောက်ကန်ကန်ပြီး အံကိုကြိတ်ထားရင်း ဓါးကိုတင်းတင်းဆုန်ထားပြီး

“ ဘယ်မှာလဲ သရဲမ လာခဲ့ ငါခုတ်သတ်ပစ်မယ်….
ငါကိုခြောက်လန့်တဲ့သရဲမ ဘယ်မှာလဲ အခုလာခဲ့ လာစမ်းပါ
ငါမကြောက်ဘူး…နင်ထွက်ခဲ့…. ”

အချိန်ဘယ်လောက်ကြာသွားတယ်မသိဘူး ကျော်ဆန်းဌေးတစ်ယောက်
အိမ်ထဲကို ပြန်ဝင်လာပြီး အိမ်တံခါးကို ပိတ်ထားလိုက်တယ်…. မိန်းမလုပ်သူက
ကလေးတွေကို ကြက်မကြီးလို စုပြီးထွေးပွေ့ထားတယ် ၊ သိပ်မကြာခင်မှာပဲ
ကျော်ဆန်းဌေး တို့ အိမ်ရှေတံခါးကို အပြင်ဘက်ကနေ တဒုန်းဒုန်းနဲ့ လာထုရိုက်ပါလေရော…
အားလုံထိတ်လန့်ပြီး ကြက်သီးထခေါင်းနပန်းကြီးသွားကြပေမယ့် ကျော်ဆန်းဌေးက
အားတင်းပြီး ဓါးရွယ်ထားလျက်သားနဲ့ အိမ်တံခါးကိုဖွင့်လိုက်တယ်
အိမ်တံခါးဖွင့်လိုက်တော့ အိမ်ရှေ့မှာ ဘယ်သူမှရှိမနေဘူး… ၊ အဲ့ဒါနဲ့ပြန်ပိတ်လိုက်ပြန်တယ်… ၊
နောက်အပြင်ဘက်ကနေ ပြန်ပြီး ထုရိုက်ပြန်ရော…တံခါးဖွင့်ကြည့်တော့ လူမရှိဘူး… ၊
အဲ့လို သုံးလေးခါ ဖြစ်ပြီး ပတ်ဝန်းကျင်က ငြိမ်ကျသွားတယ်… တစ်ညလုံး
ကျော်ဆန်းဌေးတို့မိသားစုလည်း ဘုရားခန်းမှာပဲ ငိုက်ရင်းအိပ်ပျော်သွားခဲ့ရတယ်…. ၊
နောက်နေ့တွေမှာတော့ အဲ့လိုမျိုး ထပ်မကြုံရတော့ဘူး…………. ။

တစ်ဘက်ကပြန်တွေးကြည့်ရင် အစိမ်းသရဲမ မိချိုတစ်ယောက်
အသက်ရှင်တုန်းကလည်း လင်ယောကျာ်းနှိတ်စက်တာကို ရင်စီးပြီးခံရတယ်
သေသွားပြန်တော့လည်း သားသမီးဇောနဲ့မကျွတ်အလွတ်နိုင်…
တွေ့သမျှလူကို သူ့ရဲကပျောက်သွားတဲ့ရင်သွေးလေးအကြောင်းလိုက်မေးတော့လည်း
လူတိုင်းက သရဲခြောက်တယ်ဆိုပြီး ထွက်ပြေးကြတယ် ၊ ကြောက်လန့်ကြတယ် ၊
အမျှပေးတော့လည်း သားသမီးဇောနဲ့ သာဓုမခေါ်ဘူးထင်ပါရဲ့…. ၊
မိချိုအဖြစ်က ရင်နင့်စရာပါပဲ….. ၊

မိချိုရဲ့ ခြောက်လန့်သံတွေဆက်တိုက်ဆိုသလို ရွာငယ်လေးမှာ
ကြားနေရပြီးတော့ မိချို ရက်လည်ပြီးနောက်ပိုင်း သိပ်မကြားရတော့ပြန်ဘူး…
မိချိုကွယ်လွန်ပြီး တစ်လလောက်အကြာမှာတော့ သူမရဲ့ယောကျာ်း
ကိုသက်ဖေတစ်ယောက် ရွာလည်လမ်းမပေါ်မှာ ခြေကားယား
လက်ကားယားနဲ့ မျက်လုံးကြီးပြူးပြီးသေနေတာကို တွေ့ကြရတယ်…. ၊
ဘယ်သူသတ်တာ ၊ ဘယ်လိုသေတာ ၊ ဘာကြောင့်ဆိုတာကိုတော့
မိချိုတစ်ယောက်ကလွဲပြီး ဘယ်သူသိနိုင်မှာတဲ့လဲ…. ။

တကယ်လို့ လမ်းမှာ ဗိုက်ပွင်နေတဲ့ ဆံပင်ဖားလျားနဲ့
မိန်းမတစ်ယောက် သူ့ကလေးဘယ်မှာလဲလို့မေးလာခဲ့ရင်
သေချာလမ်းညွှန်ပေးဖို့တော့ မမေ့ပါနဲ့…… ။

ကြိုးစားပါဦးမည် …
~ မိုးစွေ ~