သရဲပေးသည့်ရွှေအိုး_-_အောင်ဓူဝံ

Posted on

သရဲပေးသည့်ရွှေအိုး_-_အောင်ဓူဝံ
******************
ကတုတ်ရွာလေးအတွင်း၌
ကိုကြင်မောင်နှင့်မခင်ထားဆိုသည့်
လင်မယားနှစ်ယောက်ရှိကြလေသည်။
အိမ်ထောင်သက်၂နှစ်ရှိခဲ့ပေမယ့်
ယခုအချိန်ထိသားသမီးမယူကြသေးပေ။
ဆင်းရဲလွန်းသည့်အတွက်ကြောင့်
ကလေးမယူသေးတာလည်းပါလေ
သည်။
ကိုကြင်မောင်ကအလုပ်မရွေးသလို
မခင်ထားကလည်းရွာထဲ၌
ရှိသည့်အလုပ်ရှာကြံ၍လုပ်လေသည်။
လင်မယားနှစ်ယောက်စလုံး
ရိုးသားကြိုးစားကြသူများမို့
ကတုတ်ရွာထဲမှလူချမ်းသာများက
သူတို့လင်မယားအားအမြဲခေါ်
ခိုင်းတတ်ကြသည်။
ရွာသူဌေးများကသူတို့မဝတ်သည့်
အဝတ်အစားများ၊ပိုလျံနေသော
စားသောက်ဖွယ်ရာများလည်း
ပေးကြကမ်းကြလေသည်။
ရိုးသားစွာရှာဖွေစားသောက်နေသည့်
သူများမို့ရှားပါးခြင်းမရှိခဲ့ပေ။
ဟိုလူက ကူညီဒီလူက ကူညီဖြင့်
ကူညီမည့်သူများပြားကြလေသည်။
“ကြင်မောင်ရေ ကြင်မောင်”
“ဗျာ…ဦးထွန်းဝ”
“လာဦးဟ ငါပြောစရာရှိလို့”
“ဟုတ်ကဲ့ ပြောပါဦးထွန်းဝ”
ဦးထွန်းဝဆိုသည်မှာ ကတုတ်ရွာရဲ့
သူဌေးစာရင်းဝင်တစ်ဦးလည်းဖြစ်သည်။
သူပိုင်ဆိုင်သည့်လယ်တွေယာတွေ
ဆိုတာလက်ညှိုးထိုးမလွဲအောင်
ချမ်းသားကြွယ်ဝသူလည်းဖြစ်သည်။
“မင်းမနက်ဖြန် ငါ့လယ်မှာ
အလုပ်လာလုပ်ပေးလှည့်အုံး။
ငါတခြားကိစ္စလေးတွေရှိနေလို့
မင်းကိုပဲလွှဲထားခဲ့မယ်
စိတ်ချမယ်နော် ကြင်မောင်”
“ဟာစိတ်ချ စိတ်ချ
ကျွန်တော်ကြည့်ပြီးလိုအပ်တာ
အကုန်ပြောဆိုလုပ်ထားလိုက်ပါ့မယ်”
“အေးကွာ ငါမင်းကိုယုံပါတယ်”
===========
“မိန်းမရေ ”
“ဘာတုံးကိုကြင်မောင်”
“ငါမနက်ဖြန် ဦးထွန်းဝလယ်မှာ
သွားလုပ်ရမှာကွ။
မနက်အစောကြီးသွားရလိမ့်မယ်
မနက်ခင်းထမင်းကြမ်းစားဖို့
တစ်ခုခုလုပ်ပေးဦး”
“အင်းပါ ကျုပ်အစောကြီးထပြီး
လုပ်ပေးပါ့မယ်။
ရှင်သာစောစောအိပ် အိပ်ရေးဝမှ
အလုပ်လုပ်နိုင်မှာ”
“အေးပါ”
ထိုနေ့ကကိုကြင်မောင်
အစောကြီးအိပ်ရာဝင်ခဲ့လေသည်။
မခင်ထားကတော့ မနက်အတွက်
အဆင်သင့်ဖြစ်အောင်
ချက်ပြုတ်နေလေသည်။
===========
မနက်အာရုဏ်တက်ချိန်ရောက်တော့
ကိုကြင်မောင်နိုးလာခဲ့သည်။
မီးဖိုချောင်လေးထဲ၌ မခင်ထားက
ကြော်လှော်ချက်ပြုတ်နေလေသည်။
“သြော် ယောကျ်ားနိုးပြီလား”
“အင်း နိုးပြီ”
“နိုးရင် မျက်နှာသစ်လိုက်
ပြီးရင်ထမင်းကြမ်းကြော်လေးနဲ့
ညကဟင်းချက်လေးကိုနွှေးထားတယ်
အဲ့ဒါနဲ့စားလိုက်။
ဒါလေးကမနက်ထမင်းကြီးစားဖို့
ချက်နေတာ ခဏနေရင် အားလုံးကျက်ပြီ”
“အေးပါ ဖြည်းဖြည်းလုပ်
အချိန်ရှိပါသေးတယ်”
ကိုကြင်မောင်လည်း မျက်နှာသစ်ရန်အတွက်မီးဖိုချောင်ထဲမှ
ဆားအနည်းငယ်အားယူသွား
လေသည်။
ပြီးနောက်ပါလာသည့်ဆားဖြင့်
သွားတိုက်ကာမျက်နှာသစ်လေသည်။
မျက်နှာသစ်ပြီးအိမ်ထဲဝင်လာတော့
အငွေ့ထောင်းထောင်းထနေသည့်
ထမင်းကြော်ပန်းကန်အား
အဆင်သင့်တွေ့လိုက်ရသည်။
မျက်နှာသုတ်ဖြင့်သုတ်လိုက်ပြီး
ထမင်းကြမ်းကြော်အားထိုင်စားလိုက်
သည်။
မခင်ထားကတော့ လယ်ထဲရောက်ရင်မနက်ထမင်းကြီး
စားဖို့အတွက်ခူးခပ်ထည့်ပေးနေသည်။
ကိုကြင်မောင်စားသောက်ပြီးသွား
သည်နှင့်ထမင်းတောင်းကအဆင်သင့်
ဖြစ်နေပြီဖြစ်သည်။
“ကဲ ဟောဒီမှာထမင်းတောင်း
အဆင်သင့်ပါပဲရှင့်”
“ဒါဆိုငါသွားပြီ မိန်းမရေ
နေ့လယ်မှပြန်လာတော့မယ်”
“အင်းအင်း ဂရုစိုက်ဦး”
“အေးပါ”
ကိုကြင်မောင်လည်း
ထမင်းတောင်းအားထမ်းကာဦးထွန်းဝ
လယ်ဆီသို့လာခဲ့လေသည်။
=============
မနက်လင်းတော့ ဦးထွန်းဝ
လယ်ထဲသို့အလုပ်သမားများ
ရောက်လာကြလေသည်။
ကိုကြင်မောင်လည်းဦးထွန်းဝ
မှာကြားထားသည့်အတိုင်း
ညွှန်ကြားကာလုပ်ကိုင်ပေးလေသည်။
နေမွန်းတည့်ခါနီးမှ အားလုံး
ထမင်းစားနားလိုက်ကြသည်။
ထို့ကြောင့်အရိပ်ကောင်းသည့်
နေရာအားရှာလိုက်တော့
ခပ်လှမ်းလှမ်း၌ ကြီးမားသော စားကုက္ကို်ပင်ကြီးအားမြင်လိုက်လေ
သည်။
ကိုကြင်မောင်လည်း ထိုအပင်ကြီး
အောက်သို့တစ်ဦးတည်းရောက်လာ
ခဲ့လေသည်။
တခြားအလုပ်သမားများက ခပ်လှမ်းလှမ်းတနေရာ၌ သူ့လူနှင့်သူ
ဝိုင်းဖွဲ့စားသောက်နေကြလေသည်။
ကိုကြင်မောင်လည်းပါလာသည့်
ပုဆိုးအစုတ်လေးအားခင်းလိုက်သည်။
ပြီးနောက်ထမင်းတောင်းထဲမှ
ထမင်းပန်းကန်ဟင်းပန်းကန်များအား
ချလိုက်လေသည်။
ကိုကြင်မောင်က ထမင်းအား
တမ်းမစားသေးပဲ ထမင်းအနည်းငယ်
နှင့်ဟင်းအနည်းငယ်အားယူကာ
သစ်ပင်ခြေရင်း၌ပုံထားလိုက်သည်။
“ကျွန်တော်စားမယ့် ထမင်းဟင်း
အနည်းငယ်အားဤအပင်၌စောင့်ကြပ်
နေသောရုက္ခစိုးနတ်နှင့်တကွ
မြင်အပ်မမြင်အပ်
ဝေနေယျအပေါင်းနှင့်ကျေးငှက်
တိရစ္ဆာန်လေးများအားကျွေးမွေးပါ
သည်။
ထိုသို့ပြုလုပ်ပြီးမှ ထမင်းအား
ထိုင်စားလိုက်တော့သည်။
ကိုကြင်မောင်ပြုလုပ်သမျှကို
တခြားအလုပ်သမားများကကြည့်ကာ
ပြုံးစိပြုံးစိလုပ်နေကြလေသည်။
ကိုကြင်မောင်လည်းထိုလူများအား
ဂရုမထားပဲထမင်းကိုသာ
ဆက်စားနေလိုက်သည်။
တနေကုန်ဦးထွန်းဝ လယ်ထဲ၌
တခြားအလုပ်သမားများနှင့်အတူ
အားသွန်ခွန်စိုက် လုပ်ကိုင်ခဲ့လေသည်။
ထို့ကြောင့်ဦးထွန်းဝက
ကိုကြင်မောင်အားသဘောကျခြင်း
ဖြစ်သည်။
ညနေစောင်းမှအိမ်ကိုပြန်ရောက်လာခဲ့
သည်။
ဦးထွန်းဝထံမှလုပ်အားခလည်း
ရှင်းယူခဲ့သလိုနောက်ရက်များတွင်လည်း
သူ့လယ်မှာကူလုပ်စေရန် လယ်ပိုင်ရှင်
ဦးထွန်းဝကမှာလိုက်သေးသည်။
“မိန်းမရော့ ဒီမှာလုပ်အားခ”
“ရှင်တအောင့်နားလိုက်အုံး
ရှင်ချိုးဖို့ရေလည်းဆွဲထားတယ်
ပြီးမှချိုးလိုက်တော့ ချက်ချင်းမချိုးနဲ့
ရောဂါရလိမ့်မယ်”
“ဘာလို့ရေတွေဆွဲထားတာလဲ
ငါ့ဟာငါဆွဲချိုးမှာပေါ့မိန်းမရာ”
“သြော် ရှင့်မှာတနေကုန်
တနေကမ်းအလုပ်လုပ်ထားတာ
ပင်ပန်းနေမှာပေါ့……
ဒါကြောင့်ကျွန်မဆွဲထားပေးတာ
ကဲဘာမှပြောမနေနဲ့တော့
နားလိုက်ပြီးရင်ရေချိုး ရေချိုးပြီးရင်း
ညစာစားကြမယ်”
“အေးပါ”
လူသားဆင်းရဲကြပေမယ့်
နွေးထွေးသည့်မေတ္တာတရားကတော့
သူတို့နှစ်ဦးတွင်ချမ်းသာကြလေသည်။
တစ်ဦးနှင့်တစ်ဦး နွေးထွေးစွာ
ဆက်ဆံကြသည့်အတွက်ငွေမရှိပေမယ့်
စိတ်ချမ်းသာခဲ့ကြလေသည်။
=============
နောက်နေ့ရောက်တော့
ဦးဖိုးဝလယ်တွင်သာဆက်၍ လုပ်ကိုင်
ခဲ့လေသည်။
အလုပ်နားချိန်ထမင်းစားသည့်
အခါတိုင်းစားကုက္ကို်ပင်ကြီး
အောက်တွင်သာကိုကြင်မောင်
ထမင်းစားခဲ့လေသည်။
ထမင်းမစားခင်ထမင်းအနည်း
ငယ်နှင့်ဟင်းအနည်းငယ်အားယူ၍
ခါတိုင်းလိုပင်သစ်ပင်အောက်၌
ပုံကာဝေနေယျတို့အား ကျွေးလေသည်။
ထိုသို့ပြုလုပ်ပြီးမှသာ
ထမင်းကိုစားခဲ့လေသည်။
“ကိုကြင်မောင် ခင်ဗျားကို
ကြည့်ကြည့်နေတာ ထမင်းတွေ
ယူယူပြီးသစ်ပင်အောက်မှာ
ပုံထားတာ ဘာလုပ်တာလဲဗျ။
ပြီးတော့ပါးစပ်ကလည်း တတွတ်တွတ်နဲ့
ရွတ်နေသေးတာ ဘာဖြစ်လို့လဲ”
“သြော် ဒါကဒီလိုရှိတယ်ဗျ
ကျုပ်ငယ်ငယ်တုန်းကကျုပ်အဖေက
ပြောဖူးတယ်ဗျ။
ကိုယ်မစားခင်မှာစားဦးစားဖျားကို
တိရစ္ဆာန်လေးတွေနဲ့ ဝေနေယျသတ္တဝါတွေကိုကျွေးမွေးပေးရတယ်တဲ့။
ဒါမှရှာဖွေစားသောက်ဖို့ ခက်ခဲနေတဲ့
ဘုံသားတွေစားခွင့်ရမှာတဲ့
ဒါကလည်းအလှူဒါနလုပ်သလိုပေါ့
ဗျာ။
သူများတွေလိုကြီးကြီးမားမား
မလှူတန်းနိုင်ပေမယ့်
ကိုယ်စားမယ့်အထဲကအနည်းငယ်
ကျွေးရတာအပန်းမကြီးလှဘူးလေ”
“သြော် ဒါကြောင့် ခင်ဗျားက
ဒီစားကုက္ကိုပင်ကြီးအောက်မှာ
နေ့တိုင်းလိုလိုထမင်းစားတိုင်း
ထမင်းလေးတွေချပြီး အလှူအတန်း
လုပ်နေတာကိုးဗျ ။
“ဟုတ်တယ်ဗျာတစ်နေ့တော့ ကိုယ့်စေတနာအကျိုးပေးလာလိမ့်မယ်
လို့ယုံကြည်တယ်”
“စေတနာအကျိုးပေးပါစေလို့
ကျုပ်ကလည်းဆုတောင်းပေးပါတယ်
ဗျာ”
“ကဲ ဆက်စားလိုက်ဦး ကိုကြင်မောင်ရေ
ကျုပ်တော့လုပ်စရာရှိတာဆက်
လုပ်လိုက်ဦးမယ်”
“ကောင်းပါပြီဗျာ”
===============
ထိုနေ့ညက ကိုကြင်မောင်
တစ်ယောက်အိပ်နေရင်း
ထူးဆန်းသည့်အိပ်မက်တစ်ခုအား
မက်လေသည်။
အိပ်မက်ထဲတွင် အမွှေးအမျှင်များဖြင့်ပြည့်နှက်နေသော
သရဲကြီးတစ်ကောင်က
ကိုကြင်မောင်အား စကားလာပြောလေသည်။
“ကြင်မောင် ကြင်မောင် ထထ
ငါမင်းကိုပြောစရာရှိတယ်”
“ဟင်…သ သရဲ ”
“ငါ့ရဲ့ရုပ်ဆင်းသဏ္ဍာန်ကို
မြင်ပြီးမကြောက်လန့်ပါနဲ့
ငါမင်းကိုအကူအညီတောင်းချင်လို့
အိမ်စောင့်နတ်ကိုခွင့်တောင်းပြီး
အိပ်မက်ပေးရတာပါ”
“ကျုပ်ဆီက ဘာအကူအညီတောင်း
ချင်လို့လဲ။
ပြီးတော့ခင်ဗျားကဘယ်သူလဲ”
“ငါက မင်းအမြဲထမင်းစားတတ်တဲ့
စားကုက္ကိိုလ်ပင်ကြီးမှာ
နေတဲ့သရဲကြီးဦးရွှေပါ”
“ဗျာ စားကုက္ကိုလ်ပင်ကသရဲ
ဦးရွှေ ဟုတ်လား”
“ဟုတ်ပါတယ်
ငါ့ကိုအမြဲတမ်းအစာကျွေးလို့
ငါစားခွင့်ရခဲ့ပါတယ်။
အနှစ်နှစ်အလလ ငတ်ပြတ်နေချိန်
မင်းရောက်လာလို့ ငါအစာစားခွင့်
ရခဲ့တာပါ။
“ဗျာ”
သရဲကြီးရဲ့စကားကြောင့်
ကိုကြင်မောင်စိတ်မကောင်းဖြစ်မိ
သွားလေသည်။
“ဟုတ်ပါတယ်
ငါဟာလူ့ဘဝတုန်းက အင်မတန်မှ
ချမ်းသာတဲ့သူဌေးတစ်ယောက်ဖြစ်ခဲ့
ပါတယ်။
ငါကမသေမချင်းငွေကိုကုန်းကျုံးပြီး
ရှာဖွေခဲ့တယ်။
မတော်မတရားရခဲ့တဲ့ငွေတွေလည်းပါ
ခဲ့တယ်။
နောက်တော့ငါ့မှာရောဂါ
တစ်ခုစွဲကပ်လာခဲ့တယ်။
သားတွေသမီးတွေကလည်း
ငါ့ကိုအမြန်သေစေချင်နေကြတယ်
ဒါမှသူတို့တွေငါပိုင်ဆိုင်တဲ့
စည်းစိမ်ဥစ္စာတွေကိုသူတို့ရကြမှာကိုး
ဒါနဲ့ငါမသေခင်မှာပဲ သူတို့တွေကို
အမွေခွဲပေးခဲ့တယ်။
ကျန်တဲ့ရွှေအနည်းငယ်ကိုတော့
ဘယ်သူမှမသိအောင်တိတ်တိတ်လေး
ရွာထဲကထွက်ပြီးမြှုပ်နှံခဲ့တယ်။
မင်းထမင်းကျွေးကျွေးနေတဲ့
အပင်ကြီးအောက်မှာပေါ့၊နောက်တော့
ရောဂါတွေဖိစီးပြီးငါအသက်သေခဲ့
ရတယ်။
မသေခင်မှာဘာမှမလှူခဲ့
မတန်းခဲ့သလို ငါမြှုပ်ထားတဲ့ရွှေတွေကို
စိတ်ဆွဲပြီးအဲ့ဒီသစ်ပင်ကြီးမှာ
သရဲဖြစ်ပြီးစောင့်နေရတယ်လေ။
အခုတော့ငါလည်းကျွတ်လွတ်
ဖို့အချိန်တန်ပြီ ကြင်မောင်
ဒါကြောင့်ငါမင်းကို ငါမြှုပ်ထားတဲ့
ရွှေတွေကိုပေးခဲ့မယ်။
မင်းကအဲ့ဒီရွှေတွေနဲ့ ငါ့နာမည်ခေါ်ပြီး ကုသိုလ်ကောင်းမှုတွေပြုလုပ်ပေးပါ
အမျှအတန်းပေးဝေပေးပါ။
ဒီအကြောင်းကိုဘယ်သူ့ကိုမှ
မင်းမပြောရဘူး။
ဒီနေ့ညဘယ်သူမှမပါပဲ
မင်းတစ်ယောက်တည်းသွားတူးယူပါ
ငါစောင့်နေမယ်”
ထိုသို့ပြောပြီးသရဲကြီးလည်း
ကွယ်ပျောက်သွားတော့သည်။
ကိုကြင်မောင်လည်း အိပ်မက်က
လန့်နိုးလာခဲ့သည်။
သူ့စိတ်ထဲ၌ အိပ်မက်လိုလို
တကယ်လိုလိုခံစားနေရလေသည်။
ဘေးတွင်အိပ်ပျော်နေသော
မခင်ထားကိုနှိုး၍ပြောပြချင်ပေမယ့်
သရဲကြီးကဘယ်သူ့ကိုမှမပြောပါနဲ့ဟု
သေသေချာချာ
မှာသွားသည်ကိုအမှတ်ရလိုက်သည်။
ထို့ကြောင့်မပြောရန်ဆုံးဖြတ်ကာ
အိမ်ထဲမှတူးရွင်းတစ်လက်နှင့်
ဓာတ်မီးအား
ယူကာရွာအပြင်သို့ထွက်လာခဲ့သည်။
ကိုကြင်မောင်တစ်ယောက်တည်း
အမှောင်ထဲ၌လမ်းလျှောက်၍
လာနေလေသည်။
ရွာထဲမှအိမ်တချို့ က ခွေးများက
ကိုကြင်မောင်၏ခြေသံကြား၍
ထိုးပြီးဟောင်ကြလေသည်။
ကိုကြင်မောင်လည်း
သူမက်သည့်အိပ်မက်က အမှန်တကယ်မှဟုတ်ရဲ့လားဟု
စိုးရွံ့နေမိလေသည်။
ဘာပဲဖြစ်ဖြစ် အမှန်တကယ်
ဖြစ်လာပါကလည်း သူ့အတွက်
အရှုံးမရှိဟုဆိုကာတွေးမိပြီး
အားတင်း၍ရောက်အောင်လာခဲ့လေ
သည်။
စားကုက္ကိုပင်ကြီးအောက်ရောက်
တော့ပါလာသည့်ဓာတ်မီးအား
ခပ်အုပ်အုပ်ထွန်းလိုက်သည်။
ထိုအချိန် သစ်ပင်ကြီးပေါ်မှ
အရိပ်မည်းမည်းကြီးဆင်းလာလေသည်။
ရုတ်တရက်လန့်သွားပေမယ့်
သရဲကြီးဦးရွှေမှန်းသူသိသွားသည်။
သရဲကြီးက စားကုက္ကိုပင်ကြီး၏
တောင်ဘက်အရပ်သို့တူးရန်
လက်ညိုးထိုးပြလေသည်။
ကိုကြင်မောင်လည်း သရဲကြီးဦးရွှေ
ပြသည့်နေရာအားတူးဖော်လိုက်
လေသည်။
“ဒုတ် ဒုတ် ဒုတ် ”
လက်တတောင်ခန့်ရောက်သည်
အထိတူးလိုက်တော့ အိုးတစ်လုံးအား
တွေ့လိုက်ရလေသည်။
ကိုကြင်မောင်လည်းအားရဝမ်းသာ
အိုးအဖုံးအားဖွင့်ကြည့်လိုက်ရာ
အိုးထဲ၌ရွှေထည်ပစ္စည်းများစွာအား
ဓာတ်မီးရောင်အောင်တွင်
မြင်တွေ့လိုက်ရလေသည်။
“အဲ့ဒီရွှေတွေကိုယူပြီး
ငါခိုင်းသလိုလုပ်ပေးပါ
ဒါမင်းရဲ့စေတနာနဲ့ထိုက်တန်လို့
မင်းရတယ်လို့သဘောထားပါ
ငါသွားတော့မယ်”
သရဲကြီးဦးရွှေလည်း ထိုသို့ပြောပြီး
ပျောက်သွားလေသည်။
ကိုကြင်မောင်လည်း ရွှေအိုးကြီးအား
ဖွက်ယူကာအိမ်သို့ပြန်လာခဲ့တော့သည်။
အိမ်ကိုရောက်တော့ မခင်ထား
မသိအောင်ရွှေအိုးကြီးအားဖွက်ထား
လိုက်သည်။
၃ရက်မြောက်သည့်နေ့မှ
မခင်ထားအားမည်သူ့ကိုမှ
မပြောရန်ကတိတောင်း၍ ရွှေအိုးကြီးအားထုတ်ပြလိုက်လေသည်။
မခင်ထားလည်းဝမ်းသာလွန်း၍
ငိုနေတော့သည်။
ကိုကြင်မောင်ကရွှေအနည်းငယ်အား
ယူကာမြို့ သို့တက်ရောင်းလေသည်။
ရွှေရောင်းပြီးရလာသည့်ငွေများဖြင့်
သရဲကြီးဦးရွှေအားရည်စူးကာ
အလှူအတန်းများပြုလုပ်ပေးလေသည်။
အလှူလုပ်ပေးပြီးနောက်တစ်နေ့
ညတွင်တော့ ကိုကြင်မောင်အား
ဦးရွှေကအိပ်မက်တစ်ခုပေးပြန်သည်။
အိပ်မက်ထဲ၌ ကိုကြင်မောင်အား
ကျေးဇူးအထူးတင်ကြောင်း
သူပြုလုပ်ပေးသည့်ကုသိုလ်များကြောင့်
နောက်ထက်မြင့်မားသည့်ဘုံဘဝ
အားသူသွားရတော့မည့်အကြောင်းအား
ဝမ်းပန်းတသာပြောသွားလေသည်။
ကိုကြင်မောင်လည်း သရဲကြီး
ဘဝမှကျွတ်လွတ်သွားသော
ဦးရွှေအတွက်အလွန်ပင်ဝမ်းသာ
မိလေသည်။
သရဲပေးသည့်ရွှေအိုးကြီးကြောင့်
ကိုကြင်မောင်နှင့်မခင်ထားတို့
လင်မယားနှစ်ယောက်မှာကြီးပွား
ချမ်းသာခဲ့ကြလေသည်။