ရေကန်စောင့်နှင့် တစ်ပွဲတစ်လမ်း(စ/ဆုံး)

Posted on

ရေကန်စောင့်နှင့် တစ်ပွဲတစ်လမ်း(စ/ဆုံး)
————————————————–
” ကျော်ကို….. ဒီနေ့ငါးရှာမထွက်ဘူးလား … ငါလိုက်ခဲ့ရဦးမလား ”

” မထွက်ဘူး လှအောင်…. လှေဖာရဦးမယ်… ရေခပ်ထုပ်နေတာနဲ့ ကွန်ပစ်ချိန်ကိုမရဘူး ”

” ဒါဆို ဒီနေ့အတွက် နေ့တွက်မကိုက်တော့ဘူးပေါ့…. ကွန်ဖိုးအကြွေးကျေပါ့မလားကျော်ကို ”

” ကျေအောင်တော့ဆပ်ရမှာပေါ့ကွာ မြစ်ထဲမဖမ်းရလဲ ကန်ကြီးထဲခိုးဖမ်းရမှာပေါ့ ”

” ဟာ….ဟေ့ကောင် ကျော်ကို အဲဒါတော့ငါသဘောမတူဘူး ”

” ဘာလို့လဲကွ ”

” ဒီလောက်နံမည်ကြီးနေတဲ့ ကန်ကြီးထဲမှာ ငါးသွားရှာစရာလားကွာ…. တမြန်နှစ်ကလဲ မောင်တင်သေပြီးပြီ ”

” မောင်တင်သေတာ ရေနစ်သေတာပဲ ငါးရှာတာမှမဟုတ်တာ ”

” မင်းမကြားမိဘူးလား မောင်တင်သေတာ ငါးသွားရှာတာလေ အဲဒီကန်မှာ သရဲရှိတယ်ကွ မောင်တင်ကိုဂုတ်ချိုးသတ်ပြီး ရေထဲပစ်ချလိုက်တာတဲ့ ”

” ဟေ့ကောင် လှအောင် လူတွေပြောတိုင်းမယုံစမ်းပါနဲ့ အဲဒီသရဲကိုမင်းမြင်ဘူးလို့လား … သေသွားတဲ့ မောင်တင်ကသူဘယ်လိုသေသွားတယ်ဆိုတာ မင်းကိုလာပြောလို့မင်းကအတိအကျသိရတာလား… မောင်တင်က အရက်မူးလွန်ပြီးကန်ထဲချော်ကျတာဖြစ်နိုင်တယ်…. ငါ့တစ်သက်ဘယ်သရဲမှမမြင်ဖူးဘူး…. ခြောက်တိုင်းကြောက်တတ်တဲ့အထဲမှာကျော်ကိုဆိုတဲ့ကောင်မပါဘူး လှအောင် …. ငါ့ကိုလာခြောက်လို့ကတော့ အဲဒီသရဲနဲ့ ဖက်လုံးပစ်မယ်…”

” မင်းကလေ…ပြောရဆိုရအတော်ကျပ်တာပဲ….။ ငါ့အဖေလဲပြောဘူးတယ်ကွ… အဲဒီရေကန်ကြီးမှာရှိတဲ့ ငါးတွေကရွာနီးနားက လှူထားကြတဲ့ငါးတွေ နှစ်ချို့နေပြီ….။ ငါ့အဖေပြောဘူးတယ် ငါတို့မမွေးခင်လောက်တုန်းက အဲဒီရေကန်ကြီးရေခမ်းသွားလို့ ငါးတွေပေါ်လာတယ်တဲ့….ငါးတွေမှ လူတစ်ယောက်စာလောက်ရှိတဲ့ ငါးကြီးတွေတဲ့ကွ…. အဲဒီငါးတွေမသေအောင် မြစ်ရေကို စက်တွေနဲ့စုပ်ပြီးထည့်ပေးရတယ်တဲ့….. အဲဒီအချိန်ကတည်းက ကန်ထဲကရေကို ဘယ်သူမှမသောက်ကြတော့ဘူးတဲ့…. ရှိသေးတယ်ကွ အဲဒီရေကန်နားကိုညဘက်သွားတဲ့သူတိုင်း သရဲအခြောက်ခံရတာချည်းပဲ…. မင်းကြည့်လေ ညနေစောင်းတာနဲ့ ဘယ်သူက အဲဒီကန်နားသွားရဲလို့လဲ…”

” မဟုတ်တာတွေမပြောစမ်းနဲ့ လှအောင်…. တစ်နေ့ညကတင် အဲဒီကန်နားကနေငါဖြတ်လာခဲ့တာ… ဘာကောင်မှမရှိဘူး ”

” ပြောမရလဲ မင်းသဘောနဲ့မင်းပေါ့ကွာ…. မင်းတစ်ယောက်ထဲသွား…ငါမလိုက်ရဲဘူး… ”

” ငါကလဲ မင်းလိုသူရဲဘောကြောင်တဲ့ ကောင်ကိုခေါ်သွားမယ့်အစား အိမ်က ခွေးပဲခေါ်သွားတော့မယ် ငနီကမှ မင်းထက်ပိုပြီးအဖေါ်ရဦးမယ်…. ”

” ခေါ်သွားပေါ့….ငါမလိုက်ရပြီးရော .. ငါ့ဟာငါ ကမ်းစပ်မှာ မြှုံးပဲသွားထောင်တော့မယ် ”

—————————–

မနက်ထမင်းစားပြီးကတည်းက ကျော်ကိုတစ်ယောက်လှေကို ပြုပြင်ရင်း ပိုက်ကွန်များကိုပါစစ်နေသည်မှာ ညနေပင်စောင်းနေလေပြီ ။

” သား…. ဒီနေ့ငါးမရှာဘူးလား ”

” မရှာဘူးအမေ.. ညကျမှ ငါးသွားထောင်တော့မယ် ”

” အေး…အေး… ဆန်အိုးထဲလဲ ဆန်မရှိတော့ဘူးကွဲ့… ညနေစာတောင် ဘေးအိမ်က ချေးရမှာ ”

” အမေကလဲ ဟိုနေ့ကတင် ငါးဘတ်တွေရောင်းသေးတယ်လေ…အဲဒီပိုက်ဆံတွေဘယ်ရောက်သွားတုန်း ”

” ဟဲ့…သား… ဦးထွန်းမြကြီး ကွန်ဖိုးအကြွေးလာတောင်းလို့ ဖဲ့ပေးရသေးတယ်လေ ”

” အဲဒီလူကြီးကလဲ ငါးရပြီဆိုတာနဲ့ အိမ်ကိုရောက်လာတာပဲ ”

” အော်…သားရယ်…. သူ့ဆီက ဝယ်ထားမိတာကိုး…. ”

” အမေမသိပါဘူးဗျာ…. သူ့ကွန်အဟောင်းကြီးကို ဈေးတင်ရောင်းတာခံလိုက်ရတယ်… ”

” အမေတို့ကအသစ်မှမဝယ်နိုင်တာပဲကွယ်…. ဒီကွန်လေးရှိလို့အဆင်ပြေနေတာမဟုတ်လား… ကဲ…သားလဲနားတော့ရေလေးဘာလေးချိုးပြီး တရေးအိပ်လိုက်ဦး အမေဟိုဘက်အိမ်မှာ ဆန်သွားချေးလိုက်ဦးမယ် ”

” မအိပ်တော့ပါဘူးအမေရာ…. ကိုကျော်မြင့်ဆိုင်ကိုသွားလိုက်ဦးမယ်…. ”

” သိပ်မသောက်နဲ့နော်သား…. ညနေစာလေးစားပြီးမှသွား…. ”

မိခင်ဖြစ်သူ ဒေါ်မြတင်က စိတ်ပူစွာဖြင့် လှမ်းမှာလိုက်သည် ။

————————————–

ညနေစောင်းကတည်းက ကိုကျော်မြင့်၏ အရက်ဆိုင်တွင်ထိုင်ပြီး သောက်နေသည်မှာ ပုလင်းတစ်လုံးပင်
ပြောင်သွားလေပြီ ။ ဆိုင်အပြင်သို့လှမ်းကြည့်မိတော့ အမှောင်ထုပင်သမ်းနေလေပြီ…။

” ကိုကျော်မြင့်ရေ ကျွန်တော်ပြန်လိုက်ဦးမယ်…. ဒီညငါးရှာထွက်ရဦးမယ်ဗျ… ”

” မင်းမနက်က ငါးရှာထွက်တယ်ထင်နေတာ ”

” မထွက်ဘူးဗျ… လှေလဲဖာရင်း ကွန်ပါစစ်နေရလို့ဗျာ…ဒီညမှ ထွက်ရှာရမှာ ”

” ညကြီးမင်းကြီးကွာ…. မနက်မှမြစ်ထဲထွက်ပါလား ”

” မရှာလို့မရဘူးဗျ…. အိမ်မှာလဲဆန်ကုန်နေပြီ ဦးထွန်းမြကို ကွန်ဖိုးအကြွေးဆပ်နေရသေးတယ်….”

” အေးပေါ့ကွာ….. ဒါဆိုလဲသတိထားသွားဟေ့…. ငါးကောင်းကောင်းလေးရရင် ငါ့ကိုလဲမျှပါဦးဟ ”

” စိတ်ချကိုကျော်မြင့်…. သွားပြီဗျို့ ”

———————————–

အိမ်ပြန်ရောက်သည်နှင့် လိုအပ်သည့်ပစ္စည်းများကို ထုပ်ပိုးပြင်ဆင်ပြီး လက်ထဲတွင် ခရင်းခွမှိန်းကိုကိုင်၍ နောက်ကျောတွင်ဓါးရှည်တစ်လက်ကို လွယ်ကာ ပိုက်ကွန်ကို ပုခုံးပေါ်သို့တင်လိုက်သည် ။

” ဟဲ့သား….ထမင်းစားသွားဦးလေ…. ”

” ဘာချက်သလဲအမေ…. ”

” ငါးရံ့ခြောက်ဖုတ်တယ်သား… ဆီတော့မပါဘူး…. ဆီကဝယ်စရာပိုက်ဆံမရှိလို့ ဒီအတိုင်းပဲစားလိုက်နော် ”

” မစားတော့ဘူးအမေ…. ငါးရံ့ခြောက်ဖုတ်တော့ယူသွားမယ်… ငါးရှာရင်းမြည်းမလို့ ”

” သတိထားသွားနော်သား… ”

မိခင်ဖြစ်သူဒေါ်မြတင်က စိတ်မချသဖြင့် ကျော်ကိုအား အတန်တန်မှာနေလေသည် ။

” ဟဲ့…သား….. လှေရော ကောင်းသွားပြီလား…. ဟိုတစ်ခါလို လှေဝမ်းပေါက်မှာ စိုးရိမ်လို့ ”

” မယူသွားတော့ဘူးအမေ…. ကမ်းစပ်တင် ကွန်ပစ်မှာပါ…. လှေဖါထားတာမခြောက်သေးဘူး…မနက်ဖြန်မှ မြစ်ထဲဆင်းတော့မယ်… ”

” အေးအေး…သတိဝရိယနဲ့သွားနော်…သိပ်လဲသောက်မနေနဲ့ဦး ”

” ဟုတ်ကဲ့…ဟုတ်ကဲ့… ”

အိမ်အောက်တွင် အိပ်နေသော ကျော်ကို၏အချစ်တော် ငနီက အမြီးနံ့ကာ ခြေထောက်ကို လျှာဖြင့်လျက်နေသည် ။

” ငနီ….သွားပြန်အိပ်… အမေ့ကိုစောင့်ရှောက်နော်… ငါပြန်လာခဲ့မယ် ”

ကျော်ကို့စကားကို နားလည်သည့်အလား အိမ်အောက်ထဲသို့ပြန်ဝင်သွားကာ လှမ်းကြည့်နေလေသည် ။

———————————–

ကန်ကြီးအနားသို့အရောက်တွင် ခဏရပ်လိုက်ပြီး ပါတ်ဝန်းကျင်အခြေအနေကိုအကဲခတ်လိုက်သည် ။ အကဲမခတ်လို့ကလဲမဖြစ်ပေ….။ ကန်ကြီးအတွင်းမှ ငါးများကို မည်သူမျှ ဖမ်းဆီးခြင်းမပြုရဟု ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှအမိန့်ထုတ်ထားသောကြောင့် အနီးအနားတစ်ဝိုက်ကိုလေ့လာရလေသည် ။ မနက်ဖြန်ဆို လပြည့်တော့မည်ဖြစ်သဖြင့် ထိန်ထိန်သာနေသောလရောင်အောက်တွင် ရေကန်ကြီးကိုထင်ထင်ရှားရှားမြင်နေရသည် ။ သရက်… ကုက္ကိုလ်နှင့် ညောင်ကဲ့သို့သောအပင်ကြီးများက လရောင်အောက်တွင် အုံ့အုံ့ဆိုင်းဆိုင်းဖြင့်ရှိနေကြသည် ။ ယ္ခင်ကကျေးရွာကြီး ခြောက်ရွာအတွက် သောက်သုံးရေအတွက် အသုံးပြုခဲ့ရသော သောက်ရေကန်ကြီးကား ယ္ခုအချိန်တွင် ကြာပင်များ မျက်ရှည်များဖြင့် အကျည်းတန်နေလေပြီ ။ ရှစ်ဧကမျှကျယ်ဝန်းသော ရေကန်ကြီး၏ သက်တန်းသည် မည်မျှရှိနေပြီဖြစ်ကြောင်းမသိသော်လည်း ကျော်ကို၏ အဘိုးအဘွားများလက်ထက်ကတည်းက အသုံးပြုခဲ့ကြကြောင်းကိုတော့
ကြားခဲ့ဘူးပါသည် ။ ပေရှစ်ဆယ်နီးပါး အကျယ်ရှိသောကန်ဘောင်ပေါ်တွင် အပင်ကြီးများနှင့်အတူ ခြုံနွယ် ပိတ်ပေါင်းများကထူထဲနေသကဲ့သို့ အလေ့ကျပေါက်နေသော ဆီးပင်များ… ချဉ်ပေါင်ရိုင်းများဖြင့် လမ်းလျှောက်ဖို့ပင်ခက်ခဲလှပေသည် ။ လွယ်အိပ်ထဲမှ လက်နှိပ်ဓါတ်မီးကို ထွန်းလိုက်ပြီး ဓါးရှည်ဖြင့် ခြုံနွယ်ပိတ်ပေါင်းများကို ရှင်းလင်းရင်း ကန်စပ်သို့ဆင်းလာခဲ့လေသည် ။

ပုစဉ်းရင်ကွဲအော်သံက တစ်ချက်တစ်ချက်တွင် စူးစူးရှရှကြားနေရသည် ။ ညငှက်တို့၏ ဝုန်းကနဲထပျံလိုက်သံကြောင့်
ပါတ်ဝန်းကျင်ကို တစ်ချက်လေ့လာလိုက်လေသည် ။ ပုံမှန်အနေအထားအတိုင်း ပြောင်းလဲမှူမရှိသဖြင့် နေရာ
ကောင်းကိုရွေးကာ ကိုယ်ပေါ်မှ ပစ္စည်းများကို အောက်သို့ချလိုက်ပြီး ရေကန်ကိုစူးစူးစိုက်စိုက်ကြည့်နေမိလေသည် ။ တစ်ချက်တစ်ချက်တွင်ခုန်ထသွားသော ငါးကြီးများ၏ ပွက်သံကြောင့် ကျော်ကိုပြုံးလိုက်မိသည် ။

” အားပါး…… အကောင်ကြီးတွေပါလား….. ”

စိတ်ကျေနပ်စွာဖြင့်ရေပြင်ကိုကြည့်ရင်း ပါလာသည့်အရက်ပုလင်းကိုဖွင့်ကာ တစ်ငုံမော့ချလိုက်ပြီး ငါးရံ့
ခြောက်ဖုတ်တစ်ဖတ်ကို ပါးစပ်ထဲပစ်ထည့်လိုက်လေသည် ။

” ဗြုန်း…… ”

ရေကန်ကြီးထဲမှ ခုန်ထသွားသောငါးကြီးတစ်ကောင်ကို လရောင်အောက်တွင် တွေ့လိုက်ရသဖြင့် ကျော်ကိုအတော်ပျော်ရွှင်မိလေပြီ….။ လွယ်အိပ်နှင့် ပစ္စည်းပစ္စယျများချိတ်ရန် နေရာရှာကြည့်ပြီး မလှမ်းမကမ်းမှ သရက်ပင်ရှိ
သစ်ငုတ်ကိုတွေ့သဖြင့်ထိုနေရာတွင် ပလိုင်းနှင့် လွယ်အိတ်ကို ချိတ်ထားလိုက်ပြီး ကန်စပ်သို့ဆင်းလာခဲ့လေသည် ။

ကန်စပ်ရောက်သည်နှင့် အနီးအနားမှ မျက်ရိုင်းများကို ခက်ရင်းခွမှိန်းဖြင့် လှဲသိပ်ချလိုက်ပြီး ကြာပင်အချို့ကို မှိန်းဖြင့်ပင်ဖယ်ရှားလိုက်လေသည် ။ စိတ်တိုင်းကျအနေအထားကိုရောက်သွားပြီးသည်နှင့် အရက်တစ်ငုံသောက်လိုက်
ငါးရံ့ခြောက်ဖုတ်မြည်းလိုက်ဖြင့် အခြေအနေကိုစောင့်နေလေသည် ။ အချိန်ကတဖြေးဖြေးဖြင့် ကုန်လွန်လာခဲ့ပေပြီ ။ ရေစပ်မှ လှူပ်ရှားမှူကိုမြင်လိုက်သဖြင့် သောက်လက်စအရက်ပုလင်းကို အသာအယာချလိုက်ပြီး မှိန်းကို ညာလက်ဖြင့် ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားလိုက်သည် ။ ဘယ်လက်မှလက်နှိပ်ဓါတ်မီးဖြင့် အသံကြားရာနေရာသို့မီးထိုးလိုက်ရာ….. လက်မောင်းလုံးခန့်ရှိငါးတစ်ကောင် ကမ်းစပ်တွင် မေးတင်ထားသည်ကိုမြင်လိုက်ရလေသည် ။

” ဝှစ်…. ”

” စွပ်…. ”

စက္ကန့်ပိုင်းမျှသာကြာပေလိမ့်မည်…။ အလေ့အကျင့်ရှိပြီးသား ကျော်ကို့လက်မှ ခက်ရင်းခွမှိန်းက လှစ်ကနဲနေအောင် ပစ်မှတ်ကို နှီးတစ်ပြားစာတောင်မလွဲပဲ ထိမှန်သွားလေပြီ….။ လူးလွန့်ပြီးရုန်းကန်ကာ အမြီးဖြင့် ရေကိုရိုက်ပုတ်သံကြောင့် အနီးအနားတွင် အော်မြည်နေကြသော ပုစဉ်းရင်ကွဲတို့ပင် အသံခဏမျှငြိမ်သက်သွားကြလေတော့သည် ။
မှိန်းတံကို ဆွဲတင်လိုက်ရာ ရုန်းကန်နေသော ငါးခူကြီးတစ်ကောင်…..။ ကျော်ကိုတစ်ယောက်ပျော်လိုက်သည့်ဖြစ်ခြင်း….။ သရက်ပင်တွင်ချိတ်ထားသော ပလိုင်းထဲသို့ ငါးကိုထည့်လိုက်သည် ။ အရွယ်အစားကြီးမားသော ငါးတစ်ကောင်ထဲဖြင့် ပလိုင်းပြည့်သွားလေပြီ…။

” ဟီးဟီး….. ဒီလောက်ကြီးတဲ့ငါးနဲ့ ပလိုင်းနဲ့ အဆင်မပြေလောက်ဘူး…ဒီတစ်ခါရတဲ့ငါးမှန်သမျှကို မြက်နဲ့သီတော့မယ်… ”

အချိန်ကြာမြင့်လာသည်နှင့်အမျှ ငါးကြီးလေးကောင်ရလေပြီ….။ ငါးခူ…ငါးကြီးများက အချို့လက်မောင်းလုံးထက်ကြီးသောတစ်ပိဿာကျော်…နှစ်ပိဿာနီးပါး အကောင်များပေ..။ အရက်ပုလင်းထဲမှ လက်ကျန်ကိုမော့သောက်ရင်း နောက်ဆုံးဖမ်းမိသော ငါးကို ကုက္ကိုလ်ပင်ရှိရာသို့ယူလာခဲ့လေသည် ။

” ဟာ…… ငါးတွေဘယ်ရောက်သွားလဲ……. ဟာ… ဘယ်ကောင် ငါဖမ်းထားတဲ့ငါးတွေယူသွားတာလဲ…. ခိုး
ကြောင်ခိုးဝှက်မလုပ်နဲ့…. သူခိုး…ထွက်လာခဲ့….မင်းနဲ့ငါနဲ့တွေ့မယ်… ”

ကျော်ကိုတစ်ယောက် ပေါက်ကွဲလေပြီ…..။ ဖမ်းမိသည့်ငါးများကို မြက်ဖြင့် သီထားကာ ကုက္ကိုလ်ပင်သစ်ငုတ်တွင် ချိတ်ဆွဲထားခဲ့ရာမှ ငါးများပျောက်ချင်းမလှပျောက်ဆုံးသွားလေပြီ…..။ ကျော်ကို၏ ကြိမ်းမောင်းစိန်ခေါ်သံအဆုံးတွင် လေမတိုက်ပါပဲ သရက်ပင်ကြီးတစ်ခုလုံး ခါရမ်းနေသည်ကို ကျော်ကိုတွေ့လိုက်ရသည် ။

” ဟေ့ကောင်…. ငါမကြောက်တတ်ဘူးနော်….လာမခြောက်နဲ့…. မင်းဟာမင်းဘာကောင်ဖြစ်ဖြစ်… ”

” ဘုန်း….. ”

ကျော်ကို၏ အရှေ့သို့ကျလာသည်က ငါးတစ်ကောင်…. ။ ဆက်တိုက်ဆိုသလို အပင်ပေါ်မှကျလာသော ငါးများကိုရှောင်တိမ်းရင်း …….

” ဟေ့ကောင်…..မင်းဘာကောင်လဲ….. ငါသိချင်တယ်…. သတ္တိရှိရင်ထွက်ခဲ့…. ”

ကျော်ကိုပြောသမျှစကားမဆုံးသေးခင် သရက်ပင်ပေါ်မှ နာနာဘာဝကဆင်းလာလေပြီ…..။

” ဟာ…… ”

တစ်သက်နှင့်တစ်ကိုယ် ပရလောကသားကိုမမြင်ဘူးသဖြင့် မယုံကြည်ခဲ့သော ကျော်ကိုတစ်ယောက် အံ့အားသင့်နေလေပြီ..လက်ထဲတွင်ကိုင်ထားသောမှိန်းကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားရင်း အမျိုးအမည်မသိသတ္တဝါကို
ချိန်ရွယ်ထားလိုက်သည် ။ မဲနက်နေသော ကိုယ်ခန္တာပေါ်မှ အမွေးအမျှင်များက ထူထဲစွာ…..။ ပါးစပ်ကြီးတွင် အစွယ်ကြီးများက ပြူထွက်နေသကဲ့သို့ ပြူးကျယ်နီရဲနေသည့်မျက်လုံးတွေကိုကြည့်ခြင်းအားဖြင့် ဝက်ဝံတစ်ကောင်ဟုသာ ကျော်ကိုသတ်မှတ်မိလေသည် ။

” ဝက်ဝံကဘာလို့ဒီနေရာမှာရှိနေရတာလဲ….. တို့နယ်မှာဝက်ဝံဆိုတာမြင်တောင်မမြင်ဖူးဘူး….. ဘာဖြစ်ဖြစ်… သတ်ရတော့မှာပဲ…. ”

စိတ်ဆုံးဖြတ်ချက်နှင့်အတူ ပစ်လွှတ်လိုက်သော ခက်ရင်းမှိန်းက မြင်နေရသော ပရလောကသား၏ကိုယ်ခန္တာကို ဖောက်ထွက်ကာ အရှိန်ပြင်းစွာဖြင့် သရက်ပင်တွင် စိုက်နေလေသည် ။ သရက်ပင်တွင်စိုက်နေသော မှိန်းကိုအမြန်
ပြေးကာနှူတ်လိုက်စဉ် ရင်ဘတ်ကိုစောင့်တွန်းလိုက်သကဲ့သို့ဖြစ်သွားသောကြောင့် နောက်ပြန်လန်ကျသွားလေသည် ။
လဲကျနေရာမှ ကုန်းထမည်ပြုစဉ် ရင်ဘတ်ကိုဆောင့်တွန်းခံလိုက်ရသဖြင့် ပြန်လဲကျသွားလေသည် ။ ပက်လက်အနေ
အထားဖြင့် ကြည့်နေစဉ်မှာပင် သရက်ပင်ပေါ်သို့ နောက်ပြန်တက်သွားလိုက် စောက်ထိုးဆင်းလာလိုက်နှင့် လုပ်နေသည်ကိုမြင်လိုက်ရမှ ကြက်သီးမွှေးညင်းများထောင်ထလာတော့သည် ။ ကြည့်နေစဲမှာပင် ပျောက်သွားသည်နှင့်
သရက်ပင်တွင် ချိတ်ထားသော ဓါးရှည်ကို ပြေးယူကာ သတိနှင့်စောင့်နေလိုက်သည် ။

ထိုအချိန်တွင် နောက်ကျောဘက်မှ ပုခုံးကိုအေးစက်သောလက်ဖြင့် ကိုင်လိုက်သည့် အထိအတွေ့ကြောင့် ရုတ်
တရက်လှည့်ပြီး ဓါးဖြင့်ပိုင်းချလိုက်သည် ။ ကျော်ကို၏ ဓါးခုတ်ချက်မှာ လူသာဆိုပါက နှစ်ပိုင်းတိတိပြတ်သွားနိုင်လောက်အောင် အရှိန်ပြင်းသော်လည်း ယ္ခုထိချက်က လေကိုသာခုတ်မိသလိုဖြစ်သွားလေသည် ။

ကြည့်နေစဲမှာပင် ကျော်ကို၏ အရှေ့မှပျောက်သွားသဖြင့် နေရာအနှံ့ကိုရှာဖွေကြည့်စဉ်…. သရက်ပင်အောက်တွင်
ဆောင့်ကြောင့်ထိုင်ကာ မျက်လုံးနီကြီးများဖြင့် လှမ်းကြည့်နေသည်ကိုတွေ့လိုက်ရသည့်အခါမှာတော့ ကျော်ကို
တစ်ယောက် ဒူးပင် မခိုင်ချင်တော့ပေ….။ နဖူးတွေ့ဒူးတွေ့မျက်လုံးနှင့်မြင်ရမှ နာနာဘာဝ ဝိနာဘာဝ ပရလောကသားများ အမှန်ရှိသည်ကို သိလိုက်ရသည်နှင့် ထိုနေရာက လွတ်အောင်ပြေးရန်မှတစ်ပါးအခြားမရှိတော့ပေ….။

ကန်စပ်မှ ကန်ဘောင်ပေါ်သို့ပြေးတက်လာသော ကျော်ကို၏ ရှေ့တွင် ပိတ်ရပ်နေသော နာနာဘာဝကိုမြင်
လိုက်သည်နှင့် ခြေလှမ်းများတုန့်ကနဲ ရပ်တန့်သွားပြီး အခြားနေရာကိုရွေးကာပြေးထွက်လိုက်လေသည် ။
ကန်ဘောင်ပေါ်မရောက်ခင်မှာပင် ကျော်ကို့ရှေ့တွင် ပိတ်ရပ်နေသော နာနာဘာဝကိုမြင်လိုက်သည်နှင့်
ဇောချွေးများပြန်ကာ ဒူးများတဆတ်ဆတ်တုန်နေလေပြီ…။ ပြေးသည့်နေရာတိုင်းတွင် ရှေ့မှ ပိတ်ရပ်နေသဖြင့်
မလွတ်မြောက်နိုင်တော့ မှန်းကျော်ကို သဘောပေါက်မိလာသည် ။

” တောင်းပန်ပါတယ်ဗျာ…. ကျွန်တော့်ကိုဘာမှမလုပ်ပါနဲ့ ”

လွတ်မြောက်ရန်လမ်းစမမြင်နိုင်တော့သဖြင့် လက်အုပ်ချီကာ တောင်းပန်နေသော ကျော်ကို ထံသို့ ပရလောက
သားက တဖြေးဖြေး တိုးကပ်လာလေပြီ ။ နောက်သို့ တစ်လှမ်းခြင်းဆုတ်ကာ ပြေးပေါက်ရှာနေသော ကျော်ကိုတစ်ယောက် ကန်စပ်သို့ ရောက်မှန်းမသိရောက်လာစဉ် မျက်စေ့ရှေ့တွင် မြင်နေရသော ပရလောကသားမှာ ချက်ချင်း
ဆိုသလို ခွေးနက်ကြီးသဏ္ဍန်ပြောင်းလဲသွားကာ အစွယ်ကြီးများပေါ်နေသည်အထိ မာန်ဖီပြီး ကျော်ကိုအား ခုန်အုပ်
လေတော့သည် ။ ကြောက်ကြောက်လန့်လန့်ဖြင့် နောက်ဆုတ်လိုက်ရာ ရေကန်ထဲသို့ နောက်ပြန်ကျသွားလေသည် ။

ရေထဲသို့နောက်ပြန်ကျသွားစဉ် တစ်စုံတစ်ယောက်က ဖိနှစ်ထားသကဲ့သို့ခံစားရပြီး အတင်းရုန်းကန်ကာ ရေပေါ်
သို့ပြန်တက်နိုင်ဖို့ကျိုးစားပါသော်လည်း ရုန်းကန်မှူကြောင့် ရေအောက်ပိုင်းရှိ ကြာနွယ်များက ခြေနှင့် လက်ကို
တုပ်နှောင်ထားသကဲ့သို့ငြိနေကာ ပိုက်ကွန်ထဲမှ ငါးသဖွယ် ရုန်းမထွက်နိုင်တော့ပေ….။ ရုန်းလေငြိလေဖြင့် ဗိုက်ထဲသို့
ဝင်လာသော ရေများနှင့်အတူ အသက်ရှူမွန်းကျပ်ကာ အမှောင်အတိကျသွားလေတော့သည် ။

—————————-

” ဟဲ့…သားလေး….. အမေတစ်ညလုံးမျှော်နေတာ…. မနက်မှပြန်လာရလားသားရယ် အမေ့မှာစိတ်ပူလိုက်ရတာ
ရေတွေကလဲ စိုရွှဲလို့…. သွား…သွား…အဝတ်အစားအမြန်လဲလိုက်ဦး…ဖျားနေဦးမယ်…”

” ရော့……. ”

” ဘုတ်……. ”

မည်သည့်စကားမှပြန်မပြောပဲ မြက်ဖြင့်သီထားသော ငါးများကို ဒေါ်မြတင်ရှေ့သို့ချပေးလိုက်သည် ။

” ဟယ်…. ငါးတွေကအများကြီး…. အကောင်တွေအတော်ကြီးပါလား…သားရဲ့….. အတော်ပဲ အမေ ခုတ်ထစ်ပြီး
ဈေးရောင်းထွက်လိုက်ဦးမယ်…. အမေဈေးကပြန်လာရင် ဘာဝယ်ခဲ့ရမလဲ….ဘာစားချင်လဲ… ”

” အမဲသား….. ”

” ဟင်…သားကအမဲသားစားချင်တယ်… အမဲသားကိုသားမှမစားတာ… ”

” အမဲသားပဲစားမယ်…. ”

” အေး…အေး…ဒါဆိုလဲပြီးရော…. အမေဝယ်ပြီးချက်ပေးမယ်…. သားလဲ ခဏအိပ်လိုက်ဦး…. ”

———————————–

” ဟဲ့…သား….. ညနေစာတောင်မကျန်တော့ပါလား…. အိုးပါပြောင်ပြီ…ညနေဘာနဲ့သွားစားကြမတုန်း… ”

” အမဲသားနဲ့စားမယ်….. ”

” မနက်လဲ အမဲသား…ညနေလဲအမဲသားဆိုတော့ သားဟာက ဟုတ်ရောဟုတ်သေးရဲ့လား….. နေများမ
မကောင်းဘူးလား…. ငါ့သားအပများမှီလာသလားကွယ်…. ဟင်းဟင်း…. ”

ဒေါ်မြတင်၏ စကားဆုံးသည်နှင့် ကျော်ကိုက သူ့မိခင်ကို စူးစိုက်ပြီးကြည့်လိုက်သည် ။ ကျော်ကို၏ စူးရှသော
မျက်လုံးများကိုတွေ့လိုက်ရသည်နှင့် ဒေါ်မြတင်မှာ ကြက်သီးများဖြန်းကနဲထသွားလေသည် ။

” ငါ့သားလေး…အမေ့ကို တစ်ခါမှ ဒီလိုမကြည့်ဘူးပါဘူး…. သားနေမကောင်းရင်လဲ အိပ်ယာထဲမှာလှဲနေလေ…
အမေထပ်ဝယ်ပြီးချက်ပေးမယ်….”

————————————-

” ဝုတ်….ဝုတ်….. ဝုတ်…. ”

” ဟဲ့…..ငနီ…ကိုယ့်သခင်ကို ပြန်ဟောင်ရလား…. ”

ကျော်ကို ကိုမြင်သည်နှင့် ထိုးဟောင်နေသော ငနီအား ဒေါ်မြတင်က လှမ်းဟန့်လိုက်သည် ။

” အီ…..အီ……အီ….. ”

စူးစူးစိုက်စိုက်ကြည့်နေသော ကျော်ကို၏ အကြည့်ကြောင့် ငနီတစ်ကောင် ဖင်သီကာ ပြေးလေတော့သည် ။

” ဟေ့….ကျော်ကို….. ငါးတွေအများကြီးရလာတယ်ဆို….ကွန်ဖိုးလေးဖဲ့ပေးဦးလေ….. ”

အိမ်ထဲသို့ ဝင်လာရင်း အော်ပြောနေသော ဦးထွန်းမြကို ဘာမှပြန်မပြောပဲ စူးစူးစိုက်စိုက်ထိုင်ကြည့်နေသော ကျော်ကို၏ မျက်လုံးနီနီကြီးကို မြင်လိုက်သည်နှင့် ပြောလက်စ စကားရပ်တန့်သွားသလို ခြေလှမ်းများလဲ တုန့်ကနဲ ရပ်တန့်
သွားလေသည် ။

” ကျော်ကို….မျက်စေ့နာနေတာလား…… ရပါတယ်ကွာ….နောက်တော့မှပေးပေါ့… ငါလဲအိမ်ပြန်လိုက်ဦးမယ်….
နောက်မှလာခဲ့မယ်ဟေ့…. ”

————————–

” ကျော်ကို ငါးရှာထွက်ရအောင်ဟေ့……. လှေအသင့်ပဲလား…. ငါလဲလိုက်မယ်…. ဟင်းစားလေးရအောင်လေ… ”

” မသွားဘူး….. ”

” ဟင်….မင်း ငါးတွေနေ့တိုင်းအများကြီးရနေတာ ဟိုကန်ကြီးကမဟုတ်လား….ထပ်မလုပ်ပါနဲ့တော့ကွာ….
တစ်ယောက်ယောက်တွေ့သွားရင် မကောင်းဘူး…. အဲဒီမှာ သရဲရှိတယ်ကွ…. မင်းကိုသရဲက တစ်ခုခုလုပ်လိုက်
ရင် မင်းဒုက္ခရောက်မှာနော်…. ”

ဘာမှပြန်မပြောပဲ လှည့်ကြည့်လိုက်သည့် ကျော်ကို၏ မျက်လုံးကိုမြင်လိုက်သည်နှင့် လှအောင်တစ်ယောက် ကျော်ချမ်းကာ ဆံပင်မွှေးများထောင်ထသွားလေသည် ။

” ငါ…ငါ ပြန်လိုက်ဦးမယ် ကျော်ကို…. ”

နှူတ်ဆက်ပြီးသည်နှင့် လှအောင်တစ်ယောက် နောက်ကိုပင် လှည့်မကြည့်နိုင်ပဲ ခပ်သုပ်သုပ်ထွက်သွားလေတော့သည် ။ ရက်ပေါင်းအတော်ကြာခဲ့လေပြီ…။ နေ့စဉ်နေ့တိုင်း ညဘက်မှသာ ငါးရှာတတ်ပြီး မနက်မှ ပြန်လာတတ်သည့်
ကျော်ကို လက်ထဲတွင် ငါးတွေက အတွဲလိုက် ….။ ဝင်ငွေကောင်းနေသည်မို့ ဒေါ်မြတင်မှာ ဘာမှမပြောသာပဲ
နေ့တိုင်းလိုလို အမဲသားဟင်းချက်ပေးရလေသည် ။

” သား…..ဒီနေ့အမဲသားမရဘူး…ရှိတာလေးနဲ့ပဲစားလိုက်တော့နော်…. အမေငါးဟင်းချက်ထားတယ်…. သား
အကြိုက် ရေချိုစပ်စပ်လေးလေ… ”

” မစားတော့ဘူး….. ”

စကားတစ်ခွန်းနှစ်ခွန်းထက်ပိုမပြောသည့်အပြင် အရင်ကလို မိခင်နှင့်သာမက အပေါင်းအသင်းများနှင့် နွေးနွေး
ထွေးထွေးမရှိတော့သော ကျော်ကိုအပေါ်တွင် ဒေါ်မြတင် သံသယဝင်လာလေသည် ။

” ကြီးမေ……ကြီးမေ…… လာပါဦး….အမြန်လာပါဦး…. ”

” ဟဲ့….ဘာဖြစ်လာတာတုန်း ဘပု….. အမောတကောနဲ့….. ”

” ကြီးမေ……လာကြည့်ပါဦး…. ကျွန်တော်တို့အိမ်နောက်ဖေးက လယ်ကွင်းထဲမှာ …… ကိုကျော်ကိုကြီး…….
ငနီ့ကို သတ်ပြီး….အစိမ်းလိုက် စားနေတယ်ဗျ…… ပါးစပ်မှာလဲ သွေးတွေကို နီရဲနေတာပဲ…. ကြောက်စရာကြီးဗျ…”

” ဟင်….. ဟုတ်ရဲ့လား….. ”

” ဟုတ်ပါတယ်ဆို….. အမြန်လိုက်ခဲ့ပါ…. ”

” လာ….လာ…..မြန်မြန်သွားရအောင်…. ”

မြင်လိုက်ရသည့်မြင်ကွင်းကြောင့်

—————————–

အလင်းရောင် ပျောက်တော့မည်….။ ကျေးရွာလူကြီးအချို့နှင့် ကျော်ကို၏ ဒေါ်မြတင်တို့ တိုင်ပင်ကာ အခြားရွာ
တွင်ရှိသော ___________ ဂိုဏ်းမှ ဆရာများကိုပင့်လာကြလေသည် ။ ဆရာများအိမ်ပေါ်တက်လာသည်ကိုမြင်သည်နှင့် ကျော်ကိုက မတ်တပ်ထရပ်လိုက်ကာ မျက်ထောက်နီကြီးများဖြင့်ကြည့်ကာ ဟားတိုက်ရီလိုက်သည် ။

” ဟား…ဟား…ဟား…… ငါ့ကို ပညာစမ်းချင်လို့လာတဲ့ အကောင်တွေပါလား….. ”

ဆရာလေးယောက်က ကျော်ကိုအား ဘာမျှပြန်ချေပခြင်းမပြုပဲ ဘုရားစင်တွင် ဆီမီးနှင့် အမွှေးနံ့သာများပူဇော်
ပြီး ဘုရားဝတ်ပြုကြလေသည် ။ အိမ်ရှေ့တွင်လာရောက်ကြည့်ရှူနေကြသည့်ပရိတ်သတ်ကလဲ ရွာလုံးကျွတ်မျှပေ…။

” ကဲ… ကိုကျော်ကို…… ဆရာတို့ရှေ့ကိုလာပါဦး….ဘယ်လိုဖြစ်တာလဲဆိုတာ ဆရာတို့ကိုပြောပြပါလား… ”

” _ီးမို့လို့လာရမှာလား…. မင်းတို့ကဘာဆရာလဲ…._ီးဆရာလား… ငါ့အိမ်ပေါ်ကအခုဆင်းသွားကြစမ်း…. ”

” ဒါ မောင်ရင့်အိမ်လား….. သေချာလား….. ဒါဆို ဘုရားကိုလာကန်တော့ပါ….. ”

” ဘာလို့ကန်တော့ရမှာလဲ….. ”

” ကဲ…. ဆရာတို့က မေတ္တာရပ်ခံနေတာနော်…. ”

” သေလိုက်ပါလား…. မင်းတို့မေတ္တာရပ်ခံတိုင်း ငါလုပ်ရအောင် ငါဘာကောင်လဲဆိုတာ မင်းတို့သိကြလား…. ”

” မသိလို့မေးနေတာပေါ့ …. ကဲပြောစမ်းပါ….. ခင်ဗျားဘာကောင်လဲ…. မောင်ကျော်ကိုရဲ့ ခန္တာကိုယ်ထဲကို
ဘယ်လိုလုပ်ရောက်နေတာလဲ…. ”

” ငါက ရေကန်စောင့်တဲ့ ကောင်ကွ…. မင်းတို့ကောင်က ငါပိုင်တဲ့ကန်မှာ ငါးလာမျှားတာ…. ငါ့ကိုမတောင်းပန်
ပြီးငါးမဖမ်းတဲ့ အပြင် ငါနေတဲ့ သရက်ပင်ကိုပါ သေးပေါက်သေးတယ်… ”

” မောင်ကျော်ကို ကို ဘာလုပ်လိုက်သေးလဲ….. ”

” မင်းတို့ကောင်ကရေနစ်ပြီးသေသွားပြီ….။ ငါသတ်လိုက်တာပဲ…။ အရင်အကောင်တုန်းကလဲ သူ့လိုပဲ
ငါ့ကိုစော်ကားလို့ ရေနှစ်သတ်ပစ်လိုက်ပြီ…….”

” ဒါဆိုရင် မောင်ကျော်ကိုက သေသွားပြီပေါ့….. ”

” သေသွားပြီ….. အဲဒီနှစ်ကောင်စလုံးကို ငါ့ရေကန်မှာ စောင့်ခိုင်းထားတယ်… ”

” ဒါဆို ခင်ဗျားက ဘာလို့မောင်ကျော်ကိုရဲ့ ခန္တာကိုအသုံးချရတာလဲ…. ”

” ငါ…ဘာမှမစားရတာ အတော်ကြာပြီ…. ဒါ့ကြောင့် သူ့ကိုအသုံးချပြီး အစာလာရှာတာ…. ”

” ကဲ….ဒါဆိုရင် မောင်ကျော်ကို ကို ဘယ်လို သတ်လိုက်သလဲ ဆိုတာ ပြောပြပေးပါလား…. ”

” မင်းတို့ကို ငါက _ီးမို့ပြောပြရမှာလား ”

” မောင်ကျော်ကို ဘယ်လိုပုံစံနဲ့ သေသွားရတယ်ဆိုတာပဲသိချင်တာပါ….. မောင်ကျော်ကိုလဲသေသွားပြီဆိုတော့
ဘာမှမထူးတော့ဘူးလေ… ”

” အေး…ဒါဆိုပြောပြမယ်…… ”

မျက်ထောက်နီကြီးများဖြင့် မတ်တပ်ရပ် ခါးထောက်ပြီး ကျော်ကိုရေကန်ကြီးသို့ ရောက်ရှိစဉ်က အစ… ရေနစ်သည်
အထိ တစ်ခုမကျန်ပြန်ပြောပြလေသည် ။

” ဒါဆို…. ခင်ဗျားက အတော်အကောင်ကြီးနေပြီပဲ…. ”

” ဟား…ဟား…ဟား….. ဒီမှာကြည့်လေ…. ငါ့အစွယ်တွေကိုမြင်လား…. ”

ပါးစပ်ကို နှစ်နှစ်ဖက်ဖြင့် ဖြဲပြနေသော ကျော်ကို ကိုကြည့်ကာဒေါ်မြတင် လန့်နေလေပြီ…..။ ထိုပရလောက
သားနှင့် ရက်ပေါင်းအတော်ကြာ တစ်အိမ်ထဲ အတူနေလာခဲ့သော ဒေါ်မြတင်တစ်ယောက် မလန့်ပဲမနေနိုင်တော့ပေ…။

” ဒါဆို ခင်ဗျား အကြောင်းပြောပြပါလား….. ခင်ဗျားဘယ်သူလဲဆိုတာ သိချင်လို့….. ”

” _ီးမှမပြောဘူး….. ”

” မပြောရင်တော့ ပြောအောင် လုပ်ရတော့မှာပေါ့…. ”

” စမ်းကြည့်လိုက်လေ…. မင်းတို့မိသားစုတွေပါ အစိမ်းသေ သေသွားမယ်…. ငါ့ကိုဘာကောင်ထင်နေလဲ… ”

” မင်းကိုတော့ ကျုပ်တို့ရဲ့ ပညာအစွမ်ကို ပြရသေးတာပေါ့လေ…. ဒါမှ နောက်လူတွေကို ဒုက္ခမပေးနိုင်အောင် ”

” ကဲ….ဆရာကြီး…. အထက်ဆရာတော်ကြီးတွေနဲ့ အဘဆရာတို့ကို ပင့်လိုက်တော့ဗျာ….. ”

ဆရာများထဲမှ ခေါင်းဆောင်ဖြစ်သူဆရာတစ်ယောက်က အသံနေအသံထားပီသစွာဖြင့် အထက်ပုဂ္ဂိုလ်များ….
ကိုပင့်ဖိတ်လိုက်သည်တွင် ကျော်ကိုတစ်ယောက် ဝုန်းဒိုင်းကြဲကာ ဒေါသထွက်နေလေပြီ….။

” ကိုင်း….. အထက်ဆရာကြီးတွေ ဒီအိမ်ပေါ်မှာ ရောက်နေတာကို သိသလား…. ”

” သိတယ်…. ဘာဖြစ်လို့ခေါ်ရတာလဲ…ငါကမင်းတို့ကိုဘာလုပ်နေလို့လဲ…. ”

” ကျုပ်တို့ကို မလုပ်ပေမယ့် မောင်ကျော်ကို ကိုဒုက္ခပေးခဲ့တယ်လေ…. ”

” သူက ငါ့ကိုမထီမဲ့မြင်လုပ်လို့ ငါကလုပ်ရတာပဲ…. ”

” အခု ခင်ဗျားအကြောင်းပြောမလားမပြောဘူးလား….. ”

” မပြောဘူး…ငါ့ကိုသတ်လို့ရရင် သတ်ပစ်လိုက်…. ငါမသေလို့ကတော့ မင်းတို့အကုန်သေမယ်မှတ်ထား… ”

” ကဲ…. အိမ်စောင့်နတ် မြေစောင့်နတ် တောစောင့်နတ်တောင်စောင့်နတ် ရွာစောင့်နတ်တို့က လှူပ်လို့မရအောင်ချုပ်
ထားပေးကြပါ….. ကြိုးနဲ့ချည်ထားပြီး ထိုင်ချခိုင်းကြ… လက်ကိုချုပ်ထားကြ… မလှူပ်စေရ…. အထက်ဆရာကြီး
များရဲ့ အမိန့်…. ”

ခေါင်းဆောင်ဖြစ်သူ၏ အမိန့်ကြောင့် ကျော်ကိုတစ်ယောက် ကြမ်းပြင်ပေါ်တွင် ထိုင်ကျသွားပြီး အော်ဟစ်ရုန်း
ကန်နေလေသည် ။

” ကဲ….နဂါးမင်းက သူ့ဗိုက်ထဲဝင်ပြီးမွှေ…… မီးနဲ့ မှူတ်….. မပြောချင်တဲ့ပါးစပ်ကို ဟပြီး အစွယ်တွေရိုက်
ချိုးပစ်…. ”

” အား…..မလုပ်ပါနဲ့…. ”

ခေါင်းဆောင်ဆရာက အမိန့်အာဏာစက်များဖြင့် အတော်ကျိုးစားခဲ့ရပြီး အတန်ကြာမှ…..

” ပြောပါတော့မယ်……ဆရာတို့ရယ်…… မနှိပ်စက်ကြပါနဲ့တော့….. ပြောပါတော့မယ်…. ”

” လိမ်ညာပြောဆိုခြင်းမရှိစေရ….. လိမ်ညာပြောဆိုပါက အရိမေတ္တယျ မြတ်စွာဘုရားပွင့်တော်မူတဲ့အထိ
ငရဲ အထပ်ထပ်မှာ ကျစေရမည်….”

” မလိမ်ပါဘူး….ဆရာတို့ရယ်…. အမှန်ပြောပါ့မယ်….. ကျုပ်က ဒီရွာကမဟုတ်ပါဘူး…. ကျွန်းကလေးဆိုတဲ့ရွာကပါ… ဒီရွာမှာအလုပ်လာလုပ်တာပါ…. သူပုန်တွေရွာထဲဝင်စီးပြီး ကျုပ်ကိုတွေ့လို့ခေါင်းဖြတ်သတ်တာခံရပါတယ်…။
ကျုပ်အလောင်းကို အခုကျုပ်နေတဲ့ သရက်ပင်ကြီးအောက်မှာ မြှပ်ထားခဲ့ပါတယ်…ကျုပ်နံမည် ခင်ညိုပါ…”

” အခုပြောနေတာတွေအမှန်ပဲလား….လိမ်ညာပြောတာမဖြစ်စေရ….. ”

” မလိမ်ပါဘူးဆရာတို့ရယ်…. ကျုပ်အသတ်ခံခဲ့ရတာ နှစ်ပေါင်းကြာခဲ့ပါပြီ….. အဲဒီအချိန်က ဒီရွာတည်ခါစပဲ
ရှိပါသေးတယ်…. ရေကန်ကြီးက အဲဒီကတည်းကရှိတာပါ….”

” အဲဒီတုန်းကရော လူတွေကို ဒုက္ခပေးခဲ့သေးလား…. ”

” မပေးပါဘူးဗျာ…… ကျုပ်ရှိမှန်းတောင်မသိကြပါဘူး…. ကျုပ်ကိုလဲ ဘယ်သူမှမစော်ကားကြဘူးဗျ…. ”

” ဒါဆို…သရဲခြောက်တယ်လို့ နံမည်ကြီးနေတာ ဘာ့ကြောင့်လဲ…. ခင်ဗျားမလုပ်ရင်ဘယ်သူလုပ်တာလဲ…အမှန်
အတိုင်းဖြေ…. ”

” ကျုပ်မညာတော့ပါဘူး…. ကျုပ်က ရေကန်စောင့်မဟုတ်ပါဘူး…. အစိမ်းသေဘဝနဲ့ နှစ်အကြာကြီးမကျွတ်
မလွတ်နေရတာပါ….။ ရေကန်စောင့်က နတ်မင်းတစ်ပါးပါ….. အခုရွာတည်ပြီး လူနေများလာကြတော့
ငါးတွေလာလွှတ်ကြတယ်…။ ကုသိုလ်ယူပြီး လွှတ်ထားတဲ့ ငါးတွေကို လာဖမ်းတဲ့ သူတွေမှန်သမျှ ခြောက်လှန့်
လွှတ်ဖို့ ကျုပ်ကို ရေကန်စောင့်နတ်မင်းက တာဝန်ပေးထားပါတယ်….. အချို့မိန်းမတွေက ရေလာခပ်ရင်းရေချိုး
ကြတယ်… ဆိုင်ရာကို မတောင်းပန်ပဲ မဖွယ်မရာတွေလုပ်ကြတယ်…။ ရေကန်နားမှာ ထမိန်တွေလျှော်ကြတယ်…
အဲဒါကို ရေကန်စောင့်နတ်မင်းကမကြိုက်ဘူး…. အဲဒီလိုလုပ်ရင် ခြောက်လှန့်ဖို့ ကျုပ်ကိုတာဝန်ပေးထားလို့ပါဗျာ….”

” အခု…အဲဒီရေကန်စောင့် နတ်ကရှိသေးလား…. ”

” ရှိပါတယ်….. ဒီရွာတည်ခါစက ရေကန်ကြီးရဲ့ အရှေ့ဘက်က ညောင်ပင်ကြီးမှာ နတ်စင်တစ်ခုရှိပါတယ်…။
အခုတော့မရှိတော့ပါဘူး…. အဲဒီညောင်ပင်မှာနေပါတယ်….”

” ဒါဆို ရုက္ခစိုးနတ်လား….. ”

” ဟုတ်တယ်…. ကျုပ်ကို သရက်ပင်မှာနေရာပေးခဲ့တာလဲ အဲဒီနတ်မင်းပါပဲ… ”

” ကဲ…ကောင်းပြီ….. ကျုပ်တို့ အဲဒီရုက္ခစိုးနတ်ကိုခေါ်မယ်…. ပြီးရင် ခင်ဗျားကိုပြန်ခေါ်သွားခိုင်းမယ်…. ”

” မလုပ်ပါနဲ့ ….မပြန်ချင်လို့ပါ….. ”

” မရဘူး….. ကိုယ်နဲ့ မအပ်စပ်တဲ့ နေရာမှာမနေရဘူး…. စည်းဘောင်ကျော်တာကိုတော့လက်မခံဘူး….
ခင်ဗျားနေတဲ့ အရပ်ကိုပြန်သွားပါ…ဒီဘဝနဲ့ဆက်မနေချင်ပါနဲ့…. ကျုပ်တို့ ခင်ဗျားအတွက် အလှူဒါနလုပ်ပေးမယ်…
အဲဒီအခါကျရင် ခင်ဗျားကိုလာခေါ်မယ်…. သာဓုခေါ်ပေါ့ဗျာ…. ခင်ဗျားလဲဒီဘဝက ကျွတ်လွတ်သွားတာပေါ့…… ”

” မရဘူး…… မပြန်ချင်ဘူး…ဒီမှာပဲနေမယ်….. ”

” သာသနာစောင့်နတ်မင်းကြီးလေးပါးတို့အား မေတ္တာရပ်ခံကာ ပင့်ဖိတ်ပါတယ်…………………
ရေကန်ကြီးကိုစောင့်ရှောက်နေသော ပုဂ္ဂိုလ်အားပင့်ဖိတ်ပါတယ်………………….”

ခေါင်းဆောင်ဖြစ်သူဆရာ၏ ပင့်ဖိတ်သံ ရွတ်ဖတ်သံများနှင့်အတူ ရေကန်စောင့်နတ်ဆိုသူအား အတင်းဆွဲ
ခေါ်ခိုင်းလေတော့သည်…..။

အတင်းရုန်းကန်နေရာမှ ခန္တာကိုယ်တစ်ခုလုံး တစ်စုံတစ်ယောက်ကဆွဲလိုက်သကဲ့သို့ အိမ်ဦးခန်းမှနေ အိမ်ရှေ့
တံခါးပေါက်ဆီသို့ တရွတ်တိုက်ပါသွားပြီး ရုန်းကန်နေရာမှ ငြိမ်သက်သွားလေတော့သည်။

ခဏအကြာတွင် ကျော်ကို၏ ခန္တာကိုယ်မှာ ပိန်ခြုံးကျသွားပြီး ချက်ချင်းဆိုသလို အပုပ်နံ့နှင့် လောက်များထွက်လာ
သောကြောင့် ချက်ချင်းမီးသင်္ဂြိုလ်လိုက်ရလေတော့သည် ။ ရွာမှလူကြီးများနှင့် ဒေါ်မြတင်တို့ ကျော်ကိုအတွက်
ဆွမ်းသွပ်သည့်နေ့တွင် ရေကန်ကြီးသို့သွားရောက်ကြကာရေကန်စောင့်နတ်အား ကန်တော့ပွဲများဖြင့်တောင်းပန်ပြီး
သရက်ပင်မှ သရဲအား နံမည်တပ်ခေါ်ကာ အမျှပေးဝေလိုက်ကြလေတော့သတည်း…..။

ပြီးပါပြီ

အထက်ဂိုဏ်းဆရာတစ်ဦး၏ ပြောပြချက်အား စီလျော်အောင်ရေးသားရပါကြောင်း ဝန်ခံအပ်ပါသည် ။

လွင်ဦးဟန်…….
ဆရာလွင်ဦးဟန်ထံမှ ကူးယူဖော်ပြသည်။