တမလွန် ဧည့်သည်

Posted on
တမလွန် ဧည့်သည်
*** *** *** *** ***
{ စ/ဆုံး } ( ၄ – ၂၀၂၂ ( ရက်ကိုမေ့သွားလို့ဗျို့ )
( Online စာပေသုခုမ )
*******************
အိမ်ထောင်ရှင်မ နှစ်ယောက် စကားတပြောပြောနှင့်
နေပူကျဲထဲ လမ်းလျှောက်လာနေကြ၏။
သူမတို့နှစ်ယောက်က ” ကမ်းရိုးတန်း ” ရွာက၊
မလှသူမေ နှင့် မအေးအေးရီ တို့ပင်။
သူမတို့နှစ်ယောက်က မြို့ပေါ်တတ်ပြီး၊ ရွှေစအနည်းငယ်
ဝယ်ပြီး ပြန်လာကြခြင်းဖြစ်၏။
လက်ထဲမှာလည်း ကလေးများအတွက်ဝယ်ခဲ့သော၊ မုန့်
ထုပ်နှင့် အမဲသားအစိမ်းထုတ် ကိုယ်စီကိုင်လို့၊
ယခုက စပါးပေါ်ချိန်မို့ လယ်သမားဖြစ်ကြတဲ့ သူမတို့အဖို့
ငွေရွှင်သော အချိန်ဖြစ်၏။
ကားလမ်းနဲ့ ရွာက နာရီဝက်ကျော်နီးပါးသွားရတာမို့ သူမ
တို့ မောနေကြလေပြီ၊
ဒီကြားထဲ ပူလိုက်တဲ့နေက မေ့မျောလုမတတ်။
သူမတို့လာရင်း လူတစ်ရပ်စာ သံလွင်ပင်လေးတစ်ပင်ကို
တွေ့၍၊
” လှသူမေ၊ ကျုပ်တို့ ခဏ နားကြရအောင်၊ နေကလည်း
ပူလိုက်ပါဘိဟယ်၊
အိမ်ကလူတစ်ယောက် ကျုပ်ကို ဒေါပွနေလောက်ပြီ “
ဒေါ်အေးအေးရီ က ထိုသို့ ပြောပြီး၊ သံလွင်ပင်လေး
အောက်မှာ ဝင်ထိုင်လိုက်၏။
” ဟုတ်ပါ့တော်၊ ဒီနေ့မှ နေ့တိုင်းထက် ပိုပူနေသလိုပဲ၊
အမဲသားတွေလည်း ချက်စရာမလိုပဲ ၊ ကျက်တော့မယ် “
လှသူမေ လည်း အမဲသားထုပ်ကို မြှောက်ရင်းပြော၏။
“မောလိုက်တာဟယ်၊
ဒါနဲ့ လှသူမေ၊ နင်တို့မှာကော ဒီနှစ် စပါးကောင်းရဲ့လား
အေ့၊ ကျုပ်တိှု့မှာတော့ သိပ်မကောင်းဘူး “
” အင်း၊ ကျုပ်တို့မှာတော့၊ ကောင်းတယ်လို့ ပြောရမှာ
တော့၊
ဒီနှစ် စပါးကောင်းရင် ကျုပ်သား မောင်လှမြင့် ကို
ရှင်ပြုပေးမလို့တော့ “
လှသူမေက သူမရဲ့ အရှေ့မှာ ရှိနေသော လယ်ကွင်းပြင်
ကို ငေးမောရင်းပြော၏။
” ကောင်းတာပေါ့အေ၊ နင်ပြောမှပဲ သတိထားမိတယ်၊
နင့်သား မောင်လှမြင့်လည်း မငယ်တော့ဘူးပဲ၊
ရှင်ပြုမဲ့ အရွယ်တောင်ရောက်နေပြီ၊
ငါတို့မှာတော့ ဒီနှစ်တော့ ရှင်ပြုနိုင်မှာ မဟုတ်တော့ဘူး၊
မနှစ်က ကိုခင်မောင့် အဖေ { သူမ၏ ယောက်ခမ } ကို
ဆေးကုရတဲ့ စရိုက်တွေက မနည်းဘူး၊
အဲ အကြွေးတွေကိုဆပ်လိုက်ရင် သိပ်ကျန်မှာ မဟုတ်ဘူး
အေ့ “
ဤသို့နှင့် သူမတို့ နှစ်ယောက်လည်း စပ်မိစပ်ရာပြောကြ
ဆိုကြပြီး၊ ခဏအကြာတွင်၊
” အေးရီ၊ သွားကြမယ်လေ၊ တော်ကြာ၊ အိမ်ကလူ
ဒေါပွနေပါအုန်းမယ်၊
အိမ်မှာကလည်း သားလေး တစ်ယောက်တည်းရှိခဲ့
တာတော့ “
လှသူမေက ပြောရင်း သူမ၏ ပစ္စည်းပစ္စယများကို တွဲလျား
ဆွဲလိုက်၏။
” အေး၊ အေး၊ သွားကြတာပေါ့ “
လှသူမေ ထိုသံလွင်ပင် အောက်မှ ထွက်မလို့လုပ်တော့
ကျောထဲ စိမ့်ကနဲ ဖြစ်သွားပြီး၊
ကြက်သီးမွှေးညင်းများ ထသွား၏။
” ဟင်၊ ဘာဖြစ်တာတုန်း “
သူမ စိတ်ထဲ ပြောလိုက်၏။
ထိုစဉ် သူမ သတိထားလိုက်မိသည်က သူမရဲ့ အမဲသား
ထုပ်မှာ နဂိုထက် ပိုမိုလေးလံ သွားခြင်းကိုပင်။
” အေးရီ၊ ကျုပ် အမဲသားထုပ်က အရမ်းလေးသွားသလိုပဲ
တော့၊
နဂို အလေးချိန်ထက် အလေးချိန်စီးသွားသလိုပဲ “
“ဟုတ်လို့လားဟယ်၊ ငါ့ အမဲသားထုပ်တော့ ပုံမှန်ပဲအေ့ “
“ကျုပ်လည်း မသိတော့ပါဘူး၊ အရမ်းလေးနေသလိုခံစား
နေရတယ် “
“နင် စိတ်ထင်တာ နေမှာပါအေ “
သူမတို့နှစ်ယောက် လာရင်း ရွာအဝင်ဝ ရောက်လာတော့
လှသူမေ ရဲ့သား မောင်လှမြင့်နှင့် အေးအေးရီရဲ့သား
ကျော်အေး တို့ အပြေးကလေး ရောက်လာကြ၏။
” ဟေ့သား၊ နေပူတယ်၊ အရမ်းပြေးလွှားမနေနဲ့၊
အပူမိပြီး ဖျားနေပါအုန်းမယ် “
လှသူမေက သူမဆီ ပြေးလာနေတဲ့ သားဖြစ်သူအား
အော် ပြောလိုက်၏။
” အမေ၊ ပေးပေး၊ သား ကူထမ်းပေးမယ်၊ သား အတွက်
မုန့်ကော ပါရဲ့လားဗျ “
မောင်လှမြင့်က မိခင်ဖြစ်သူလက်ထဲမှ အမဲသားထုပ်ကို
လှမ်းယူရင်း မေးလိုက်၏။
ထိုအချိန်၌ အေးအေးရီ တို့ သားမိနှစ်ယောက်ကား
ရွာလမ်းခွဲလေးအတိုင်း ထွက်သွားနှင့်ကြပြီဖြစ်၏။
” ပါ ပါ့တော်၊ ဒီမှာ သားအတွက် မုန့် ၊ ဒါနဲ့ သားအဖေ
ကော၊ လယ်တဲက ပြန်ရောက်ပြီလား “
” မရောက်သေးဘူးအမေ “
မောင်လှမြင့် လက်ထဲ အမဲသားထုပ် ရောက်သည်နှင့်
ချက်ချင်း အမူအရာပြောင်းသွား၏။
ဦးခေါင်းကို ငိုက်စိုက်ချပြီး၊ မျက်နှာကလည်း ညှိုးငယ်သွား
၏။
ပြီးသည်နှင့် မိခင်ဖြစ်သူ၏ အရှေ့မှ အလျင်မြန်စွာ
ပင် ထွက်သွား၍၊ လှသူမေ တစ်ယောက် မနည်းအမှီလိုက်
ရတော့၏။
အိမ်ရောက်သည်နှင့် မောင်လှမြင့် ၏ တစ်ခန္ဓာလုံး
ဟိန်းဟိန်းတောက် ပူလာပြီး၊ အပြင်း ဖျားပါတော့၏။
လှသူမေက သားဖြစ်သူရဲ့ နှဖူးကို စမ်းကြည့်တော့
အဖျားတတ်နေပြီဖြစ်ကြောင်း သိလိုက်ရ၍၊
စိုးရိမ်သွား၏။
” အောင်မလေး၊ သားလေး ကိုယ်တွေပူနေလိုက်တာ၊
အဲဒါ့ကြောင်း အမေ ပြောပါတယ်၊ နေပူထဲ မပြေးပါနဲ့လို့
ကဲ၊ ခုတော့ ဖြစ်ပြီ မလား “
လှသူမေက သားဖြစ်သူအား စောင်ခြုံပေးရင်းပြော၏။
မောင်လှမြင့်ကား အင်း အဲ မလုပ်ပဲ ကိုယ်လက် မအီမသာ
ပုံစံဖြင့် မိခင်ဖြစ်သူအား အစိမ်းကြီးကြည့်နေ၏။
ခဏအကြာတွင် လှသူမေရဲ့ ယောကျာ်းဖြစ်သူ
ကိုမြင့်မောင် ရောက်လာ၏။
ခါးကြား တံစဉ်ကိုထိုးထားသလို၊ ဝါးခမောက်လေးကိုလည်း
ဆောင်းထားသေး၏။
နေပူထဲ စပါးရိုက်ပြီးလာတာမို့ ချွဲများပင် စိုရွှဲနေ၏။
ကိုမြင့်မောင် အရိပ်ထဲ အမောဖြေရင်း သားဖြစ်သူ
အိပ်ရာထဲ လှဲနေတာမြင်တော့ ……
” မိန်းမ၊ သားလေး ဘာဖြစ်တာလဲ၊ ဒီလောက် နေပူနေတာ
စောင်တွေ ခြုံလို့ပါလား ” ဟု မေးလိုက်၏။
ပြီးသည်နှင့် ကိုမြင့်မောင် က ဝါးခမောက်လေးနဲ့ လေခပ်
နေလိုက်၏။
” မသိပါဘူး ယောကျာ်းရယ်၊ ကျုပ် မြို့က ပြန်လာတုန်းက
အကောင်း၊
ကျုပ်လက်ထဲက အမဲသားထုပ်ကို ကိုင်ပြီးကတည်းက
သားလေး အမူအရာ ပြောင်းသွားပြီး၊
အိမ်ရောက်တာနဲ့ အပြင်း ဖျားတော့တာပဲ “
လှသူမေ ပြောရင်းနှင့် မြို့က ဝယ်လာတဲ့ မုန့်ထဲက
တစ်ချို့ကို ကိုမြင့်မောင်အား ပေးရင်းပြော၏။
ကိုမြင့်မောင်လည်း မိန်းမဖြစ်သူ ကမ်းပေးတဲ့ မုန့်ကို
စားရင်း သားဖြစ်သူရဲ့ အနားသို့ကပ်ကာ ….
” သား၊ မောင်လှ၊ ဖျားတာလား၊ ရော့ မုန်းစားလိုက် ” ဟု
ပြောကာ ကမ်းပေးပေမဲ့၊ မောင်လှမြင့်ကား ဖခင်ဖြစ်သူအား
မကျေနပ်သည့် အမူအရာဖြင့် ကြည့်နေ၏။
သားဖြစ်သူရဲ့ အကြည့်ကြောင်း ကိုမြင့်မောင် နည်းနည်း
စိုးရိမ်သွား၏။
” သားလေး၊ မုန့်စားမလား၊ ဘာစားချင်လဲ အဖေ့ကို
ပြောလေ ” ဟု ပြောပြန်တော့၊
” မစားဘူး သွား ၊ အမဲသားပဲ စားချင်တယ် ” ဟု အော်
ပြောလိုက်ပါတော့၏။
” ဟင် “
ကိုမြင့်မောင်ရော လှသူမေပါ လန့်သွား၏။
” သားလေး၊ သားလေး၊ ဘာဖြစ်တာလဲ၊ ဘာဖြစ်တာလဲ
သား ရဲ့ “
ကိုမြင့်မောင်တို့မှာက သားလေး တစ်ယောက်တည်း
ရှိတာမို့ မိဘနှစ်ပါးက ချစ်လိုက်ကြသည်မှာ၊
မျက်စိအောက်က အပျက်မခံဆိုသလိုမျိုးပင်။
မောင်လှမြင့်မှာ တငိုငို တရီရီနှင့် ဖြစ်လာပြီး၊ ခြေလက်
တွေ အေးစက်လာ၏။
” အမဲသား စားချင်တယ်၊ ကျုပ်ကို အမဲသား ချက်ကျွေး၊
အမဲသားစားရမှ နေကောင်းမှာ၊ အမဲသား ကျွေး “
မောင်လှမြင့် ၏ အသံက ရုတ်တရက် လူကြီးတစ်ယောက်
၏ အသံကဲ့သို့ ဖြစ်နေ၍၊
လှသူမေ နားမလည်စွာဖြင့် စိုးရိမ်စိတ်တွေ အထွဋ်
အထိပ်ရောက်နေပေမဲ့၊
အခြေအနေကို ရိပ်မိသော ကိုမြင့်မောင် က …
” မိန်းမ လာခဲ့ အုန်း ” ဟု ပြောပြီး၊ သားဖြစ်သူနှင့် ခပ်ဝေး
ဝေးသို့ ခေါ်လာခဲ့၏။
” မိန်းမ၊ အမဲသား ဝယ်ပြီးလာတုန်းက၊ လမ်းမှာ တစ်ခုခု
ဖြစ်ခဲ့သေးလား “
“အဲဒါတွေထားစမ်းပါတော့၊ ကျုပ် သားလေးအတွက်
စိတ်ပူလှပြီ၊ အရပ်ထဲက ဘိန်းတော ဆရာကြီး ဦးညို ကို
သွားခေါ်တော့မယ် “
လှသူမေ က ပြောပြောဆိုဆိုနှင့် ထွက်သွားမည် လုပ်နေ၍
ကိုမြင့်မောင် ဆွဲထားလိုက်၏။
” မိန်းမ၊ နေစမ်းပါအုန်း၊ ငါမေးတာ ဖြေစမ်းပါအုန်း၊
သားလေးက ရိုးရိုး ဖျားနေတာ မဟုတ်ဘူးဟ “
” ဟင်၊ ဒါဆို သားလေးက ဘာဖြစ်နေတာတုန်းတော့၊
မိန်းမ စိတ်ပူလှပြီ၊ ပြီးတော့ …
ယောကျာ်း ၊ ယောကျာ်း ဘယ်လို သိတာလဲ “
ကိုမြင့်မောင် ခေါင်းကုတ်နေ၏။
” ငါမေးတာ ပဲ ဖြေစမ်းပါအုန်း “
” ဘာမှတော့ မဖြစ်ခဲ့ဘူး ယောကျာ်းရဲ့၊ အင်း ဒါပေမဲ့
ရွာဆင်းလမ်း၊
ဦးတတ်လူတို့ လယ်ကွင်းနားက သံလွင်ပင် အောက်မှာ
တော့ ခဏနားခဲ့ကြတယ်၊
ဟုတ်ပြီ၊ ခုမှ သတိရတယ်တော့၊ ကျုပ်တို့ အပင်အောက်
က ထွက်တော့ ၊
အောင်မလေး ကျုပ်ရဲ့ အမဲသားထုပ်က လေးသွားတာမှ
ကျုပ်တောင် မနိုင်တနိုင် ဖြစ်သွားတယ်၊
ယောကျာ်းရဲ့ “
” အင်း၊ ငါ သဘောပေါက်ပြီ၊ မိန်းမ လာခဲ့၊ ကြည့်နေ
ငါ့သား ဘာလို့ ဖျားနေရတာလဲ ဆိုတာ “
ကိုမြင့်မောင် ထိုနေရာမှ သားဖြစ်သူ၏ အနားသို့ သွားပြန်
ကာ၊
” ဟေ့အကောင်၊ မင်း ဘယ်သူတုန်း၊ ဘာလို့ ငါသား
ခန္ဓာမှာ ခိုကပ်နေရတာတုန်း၊ခုချက်ချင်းထွက် “
ကိုမြင့်မောင် ထိုသို့ အော်ပြောလိုက်တော့၊ လှသူမေ
နားမလည်နိုင် ဖြစ်နေပေမဲ့၊
မောင်လှမြင့်ကား ဝုန်းကနဲ ထကာ ငုတ်တုတ်ကြီး ထိုင်
လိုက်ပြီး၊
တဟီး ဟီး တဟင်းဟင်း ညဉ်းနေ၏။
” ငါက၊ သံလွင်ပင်မှာနေတဲ့ နင့်ရဲ့ တစ်ဝမ်းကွဲအစ်မ
ခင်နှင်းဆွေ ဟေ့ ၊ ခင်နှင်းဆွေ၊
ငါ အမဲသား စားချင်လို့ လိုက်လာတာ၊ နင် ငါ့ကို ကျွေးမှာ
လား မကျွေးဘူးလားပြော ” ဟု ပိုင်စိုးပိုင်နင်း အသံဖြင့်
ပြောပါတော့၏။
ထိုအခါမှ လှသူမေ သဘောပေါက်သွားပါတော့၏။
ဦးတတ်လူ { သံလွင်ပင်ရှိတဲ့ လယ်ကွင်းပိုင်ရှင် } နှင့်
ကိုမြင့်မောင်၏ အစ်မဝမ်းကွဲ ခင်နှင်းဆွေတို့က ငယ်ငယ်
လေးကတည်းက အိမ်ထောင်ကျခဲ့ကြပြီး၊
သားသမီး မထွန်းကားခဲ့ချေ။
သူတို့ လင်မယားက ကပ်စေးလည်းနှဲသလို တစ်ရွာလုံးနဲ့
တစ်ယောက်ဆိုသလို ပင်ဖြစ်၏။
ဒါပေမဲ့ ကိုမြင့်မောင် ငယ်စဉ်က သူတို့လင်မယားမှာ သား
တစ်ယောက်လို ချစ်ခဲ့ကြပေမဲ့၊
အရွယ်ရောက်လာတော့ ဘာလို့ လဲမသိ၊ အမြင်မကြည်
ဖြစ်လာကာ ဝေးဝေးရှောင်ကြ၏။
ဒါပေမဲ့ ဒေါ်ခင်နှင်းဆွေ ကွယ်လွန်သွားသည်မှာ
နှစ်အနည်းငယ်ပင် ကြာခဲ့ပြီဖြစ်၍၊
ကိုမြင့်မောင် က မယုံပဲ …..
” ဘာ၊ အမဲသား စားချင်လို့ဟုတ်လား၊ ပါးတွေနားတွေကို
ရိုက်ထည့်လိုက်ရ “
ကိုမြင့်မောင် ထိုသို့ ပြောပြီး၊ ရိုက်မည့် လက်ဟန်ဖြင့်ပြ၏။
” ဘာ၊ နင့်က ငါ့ကို ရိုက်မယ်၊ ဟုတ်လား၊ အောင်မာ၊
ငါ ထိန်းကျောင်းလာလို့ ကြီးပြင်းလာတဲ့ အကောင်ကများ လာခဲ့လေ၊ ပါးရိုးကျိုးချင်နေပြီလား “
ရုတ်တရက် သားဖြစ်သူ၏ စကားကြောင်း ကိုမြင့်မောင်
နည်းနည်းလန့်သွား၏။
” ယောကျာ်း ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲ၊
သားလေး တစ်ခုခုဖြစ်မှာ စိုးရိမ်တယ်တော့ “
” မိန်းမ၊ ဘာမှ မပူနဲ့ ဘာလုပ်ရမလဲငါသိတယ် “
ကိုမြင့်မောင်က မိန်းမ ဖြစ်သူအား မစိုးရိမ်ဖို့ ပြောပြီး၊
သားဖြစ်သူဘက် လှည့်ကာ
” ရွာအဝင်လမ်းက သံလွင်ပင်လေးမှာ နေတာပေါ့၊
အမဲသားစားချင်လို့ လိုက်လာတယ်ပေါ့၊ ဟုတ်လား ၊
ဒါဆို အေးအေးရီ ရဲ့ နောက်သို့ မလိုက်ပဲ၊
ဘာလို့ လှသူမေရဲ့ နောက်ကို လိုက်လာရတာတုန်း ” ဟု
မေးလိုက်၏။
” ဟေ့ မြင့်မောင်၊ အေးအေးရီ ရဲ့ ယောကျာ်းက
ရွှေယံကျော်ဟေ့၊ ပြီးတော့ ကြမ်းလည်းကြမ်းသေး၊
နင်က ငါ့သားလေးလိုပဲလေ၊ ငါ အမဲသား မစားရတာ
ကြာပြီ၊ ငါ့ကို အမဲသား ကျွေးစမ်းပါ “
” အမဲသားစားချင်တယ်ပေါ့၊ စားရမယ်၊ စောင့်နေ “
ကိုမြင့်မောင် ထိုသို့ ပြောပြီး မိန်းမ ဖြစ်သူအား၊
” မိန်းမ၊ သားလေးကို ခဏ ကြည့်ထား၊ ငါ လယ်ထဲ
ခဏ သွားလိုက် အုန်းမယ်၊
အမဲသားစား ချင်တဲ့အကောင်ကို၊ ကျွေးရတာပေါ့ “
ကိုမြင့်မောင် အိမ်မှ လျင်မြန်စွာ ထွက်လာပြီး၊ လယ်တဲသို့
သွားကာ ကောက်ရိုးတစ်စည်း ထမ်းပြီး၊
သူနဲ့အတူ စပါးသိမ်းနေတဲ့ ကောင်လေး နှစ်ယောက်ကို
လည်း တစ်ယောက်တစ်စည်း ထမ်းခိုင်း၏။
ပြီးသည်နှင့် သံလွင်ပင်လေးရှိရာသို့သွားကာ၊
သံလွင်ပင်အား ကောက်ရိုးဖြင့် ပုံပြီး မီးရှို့လိုက်ပါတော့၏။
ထိုအချိန် ၊ ကိုမြင့်မောင် ၏ အိမ်၌ …..
” အောင်မလေး၊ ပူလိုက်တာ၊ ပူလိုက်တာ၊ ငါ့ အိမ်
{ အပင်} ကို ဘယ်သူမီးရှို့နေတာလဲ၊ ပူလိုက်တာ “
မောင်လှမြင့် တစ်ယောက် ထိုသို့အော်ဟစ်ကာ အိပ်ရာထဲ
လူးလှိမ့်နေပါတော့၏။
” သား၊ သားလေး၊ ဘာဖြစ်တာလဲ သားလေးရယ် “
လှသူမေ တစ်ယောက် ငိုမဲ့မဲ့ ဖြစ်နေပါတော့၏။
” အားးးးး၊ ပူတယျ၊ ပူတယျ၊ အားးးးး “
“ဝုန်း “
မောင်လှမြင့် ဝုန်းကနဲလဲကာ ငြိမ်သွားပါတော့၏။
” သား၊ သား၊ သားလေး၊ သားလေး “
“ဟင်၊ အမေ၊ သား အိမ်ကို ဘယ်လို ရောက်နေတာလဲ၊
စောနက လမ်းထိပ်မှာ အမေ့ကို စောင့်နေတာလေ “
မောင်လှမြင့် ဘာမှ မမှတ်မိတော့ပေ။
ခဏအကြာ ကိုမြင့်မောင် ပြန်ရောက်လာ၏။
တစ်ကိုယ်လုံးလည်း ချွဲတွေစိုရွှဲလို့၊
ခန္ဓာမှာလည်း ကောက်ရိုးတွေနှင့်။
” မိန်းမ၊ ဘယ်လိုလဲ၊ အမဲသား စားချင်တဲ့ ဟာမ ထွက်
သွားပြီလား “
” ယောကျာ်း၊ ယောကျာ်း ဘာလုပ်လိုက်တာလဲ၊ စောနက
သားလေး ထ အော်တာ၊ ကျုပ် ဖြင့် စိတ်ပူလွန်းလို့ သေရ
ချေရဲ့၊
ပူတယ်၊ ပူတယ်၊ အော်ပြီးမှ ထွက်သွားတာ”
“ဟား၊ဟား၊ ဟား၊ မြင့်မောင် ကို ဘာမှတ်နေလဲ၊
ဟား၊ဟား၊ဟား “
ကိုမြင့်မောင် သဘောကျစွာရယ်လိုက်၏။
ထိုအချိန်၌၊
ဦးတင့်လူ တစ်ယောက် ဓားမကိုကိုင်ပြီး၊ ဒေါသတစ်ကြီး
ကိုမြင့်မောင် ရဲ့ အိမ်ရှေ့သို့ ရောက်ချလာပါတော့၏။
” မြင့်မောင်၊ မင်း ထွက်ခဲ့စမ်း၊ ခု ထွက်ခဲ့စမ်း “
အော်သံကြောင်း ကိုမြင့်မောင် လည်း အိမ်အောက်
ဆင်းလာခဲ့၏။
” ဟ၊ ဦးတင့်လူပါလား၊ ဘာများ ဖြစ်လာလို့တုန်း “
ကိုမြင့်မောင် အေးဆေးစွာဖြင့်မေးလိုက်၏။
” ဘာဖြစ်ရမလဲကွ၊ မင်း ငါ့လယ်အစွန်က၊ သံလွင်ပင်ကို
မီးရှို့လိုက်တာလေ၊
အဲဒါကို ငါ မကျေနပ်ဘူး၊ အဲ ကိစ္စရှင်းစမ်း “
ဦးတင့်လူ ရဲ့ ပုံစံက ဒေါသကြောင်း ထင်ပါရဲ့၊
မျက်နှာတစ်ခုလုံး နီရဲနေ၏။
” ယော်၊ ခတ်တော့တာပဲ၊ အဲ အပင်က အကောင်က ကျုပ်
သားဆီမှာ ဝင်ပူးလို့ ကျုပ်က မီးရှို့ပစ်တာလေ၊
ဘာများ မှားလို့တုန်း “
” မှားတယ်ကွ၊ မှားတယ်၊ အဲ အပင်မှာ ငါ့မိန်းမ
ခင်နှင်းဆွေ နေတာကွ၊
မင်းက သူနေတဲ့ အပင်ကို မီးရှို့လိုက်တော့၊ ခု သူ့မှာနေ
စရာ မရှိတော့ဘူး၊
ငါ့ လယ်က ကောင်လေးတွေကို ဝင်ပူးနေပြီ”
” အော်၊ ဒါဆို အဲအပင်မှာ ခင်ဗျားရဲ့မိန်းမ နေတာကို
ခင်ဗျားသိတယ်ပေါ့လေ”
ဦးတင့်လူ မဖြေ။
” ခင်ဗျား ဖြေလေ၊ ဘာလို့ မဖြေတော့တာလဲ “
ကိုမြင့်မောင် ၏ အသံက မြင့်လာ၏။
” ဘာလဲ၊ ခင်ဗျား မဖြေရဲဘူးမလား “
” ဟုတ်တယ်ကွာ၊ အဲ အပင်မှာ ငါ့မိန်းမနေတယ်၊
ငါလည်း သိတယ်၊ ပြောရရင် ငါ နေခိုင်းထားတာ၊
အဲတော့ ဘာဖြစ်လဲ “
ဦးတင့်လူ ပိုပြီး ဒေါသ ထွက်လာသည်ထင့်၊
လက်ထဲက ဓားကို ရှေ့သို့တိုးယူလာ၏။
” ဒါဆို၊ ခင်ဗျား၊ ခင်ဗျားက သရဲ မွေးထားတယ်ပေါ့လေ”
” ဟုတ်တယ်၊ ငါက သရဲမွေးထားတယ်၊ ငါ့လယ်တွေ
စပါးအထွက်တိုးအောင် ငါ့မိန်းမ ခင်နှင်းဆွေ စောင့်
ရှောက်ပေးနေတာကွ၊
ဒီမှာ ယေ့ကောင် ငါ ရှည်ရှည်ဝေးဝေး မပြောချင်ဘူး၊
မင်း ငါ့မိန်းမ ကို စိတ်ကျေနပ်အောင် တောင်းပန်ပါ၊
မဟုတ်ရင်တော့ တင့်လူ အကြောင်း ကောင်းကောင်းကြီး
သိစေရမယ်၊
တောက်!
ဦးတင့်လူ တောက်ခေါက်လျက် ၊ မကျေနပ်သော အကြည့်
ဖြင့် ကြည့်ကာ ထွက်သွားပါတော့၏။
******* ****** ********
ထိုနေ့ည …. နေဝင်ရီတရော အချိန် အမဲသားချက်
ထည့်ထားတဲ့ ခေါခွက်ကိုတစ်ဖက်၊ ဓားမ ကို တစ်ဖက်
ကိုင်ကာ၊
ကိုမြင့်မောင် တစ်ယောက်၊ နေ့လည်က ကောက်ရိုးစုပြီး
သူ မီးရှို့ခဲ့တဲ့၊
သံလွင်ပင်လေး ရှိရာသို့ ရောက်လာခဲ့၏။
သံလွင်ပင်လေးမှာ မီးဒဏ်ကြောင့် ပင်စည်မျှသာရှိတော့
ပြီ ဖြစ်၏။
ကိုမြင့်မောင်က သူ့သဘောအရ ဆိုလျှင် ခေါစာ ပစ်ဖို့
နေနေသာ သံလွင်ပင်လေးကို အမြစ်ပါမကျန်ရအောင်
တူးပစ်ချင်၏။
သို့သော်လည်း မိန်းမ ဖြစ်သူ လှသူမေ၏ အတင်းတိုက်
တွန်းမှု့ကြောင်း ခေါစာပစ်ရန် ရောက်လာရခြင်းဖြစ်၏။
စိတ်ပါလှ၍ တော့ မဟုတ်ပေ။
” ဘုတ် “
သံလွင်ပင်ရဲ့ ပင်စည် အောက်မှာ ခေါခွက်ကို ပစ်ချလိုက်
၏။
” အမဲသားစားချင်နေတဲ့ အကောင်၊ စား အဲမှာ၊
ကျွေးချင်လွန်းလို့တော့ မမှတ်နဲ့၊
အေး၊ နောက်ဆို မြင့်မောင် ရဲ့ မိသားစုနဲ့ဝေးဝေးရှောင်ပါ
နို့ မဟုတ်ရင်တော့၊
မီးရှို့ရုံတင်မကဘူး၊ အပင် အောက်ခြေကနေ အမြစ်ပါ
မကျန်တူးပစ်မှာ၊
ခုလည်း၊ စားချင်စား မစားချင်နေ၊
ကျုပ်နောက်က လိုက်ခြောက်မယ် မကြံနဲ့နော်၊
နောက်တစ်ခါထပ်သေနေမှ အဆိုးမဆိုနဲ့ “
ကိုမြင့်မောင် ထိုသို့ ပြောပြီး ထွက်လာခဲ့တော့၏။
” ချွတ်၊ ချွတ်၊ ချွတ် “
ကိုမြင့်မောင်၏ နောက်မှ ခြေသံလိုလို အသံတစ်ခု ကြား
လိုက်ရ၍၊
” လိုက်မလာနဲ့နော်၊ ဓားနဲ့ အနုတ်နုတ် စင်းပစ်မယ်၊
လိုက်ရဲ လိုက်ကြည့် ” ဟု ပြောလိုက်တော့၊
တချွတ်ချွတ်မြည်သံလည်း တိတ်သွားတော့၏။
ကိုမြင့်မောင် အိမ်ပြန်ရောက်တဲ့ အချိန်မှာ အရာအားလုံးက
ပုံမှန်ဖြစ်နေပေမဲ့၊
သူတို့ မမြင်တဲ့ တစ်နေရာမှာကား၊
မဖိတ်ခေါ်ပဲရောက်လာခဲ့တဲ့ ” တမလွန် ဧည့်သည် “
ဒေါ်ခင်နှင်းဆွေ တစ်ယောက် ဒေါသထွက် စိတ်ဆိုးနေမှာ
ဧကန်ပင်။
***** **** ***** ***** ******
{ ပြီးပါပြီ }
ရွှင်လန်းချမ်းမြေ့ကြပါစေ။
လေးစားစွာဖြင့် = wizard { ဝိဇ္ဇာ }